မြန်မာ-တရုတ်နယ်စပ် မူဆယ်နှင့်ရွှေလီကြား၌ နယ်စပ်စီးပွားရေးဇုန်ကို စတင်အကောင်အထည်ဖော်နေပြီး အဆိုပါဇုန်တွင် အစိုးရအသိအမှတ်ပြုကုမ္ပဏီများ ပါဝင်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သဖြင့် မကြာမီ EOI ခေါ်ယူမည်

မြန်မာ-တရုတ်နယ်စပ် မူဆယ်နှင့် ရွှေလီကြား၌ နယ်စပ်စီးပွားရေးဇုန်ကို စတင်အကောင်အထည်ဖော်နေပြီး အဆိုပါဇုန်တွင် အစိုးရအသိအမှတ်ပြုကုမ္ပဏီများ ပါဝင်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သဖြင့် ပါဝင်လုပ်ကိုင် လိုသူများအတွက် မကြာမီ Expression of Interest - EOI ခေါ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“နယ်စပ်စီးပွားရေးဇုန်က ကချင်ပြည်နယ်မှာ ကန်ပိုက်တီး၊ ရှမ်းပြည်နယ် မူဆယ်၊ ကိုးကန့်မှာက ချင်းရွှေဟော်ကို ရွေးထားပါတယ်။ အခုတော့ စတော့အကောင်အထည်ဖော်နေပြီ၊ ဆွေးနွေးနေပြီ။ မူဆယ်နဲ့ ရွှေလီနဲ့ကြားမှာ စပြီးအကောင်အထည်ဖော်မယ်။ သူတို့ဘက်ကလည်း ကျယ်ဂေါင်ဆိုတဲ့အရပ်ကို ခြံစည်းရိုးကာပြီးပြီ။ ကျွန်တော်တို့ဘက်က မူဆယ်က New Starlight ကုမ္ပဏီရှိတဲ့ နေရာရှိတယ်။ အဲဒီနေရာကို ခြံစည်းရိုးခတ်လိုက်ရင်လည်း အဲဒီနေရာကို ကျွန်တော်တို့က အဲဒီဇုန်က အကောင်အထည်ဖော်ပြီးသွားတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ အဲဒါကို အခုစလုပ်နေပြီ” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

မူဆယ်မြို့တွင် လာမည့်ဒီဇင်ဘာလအတွင်း နယ်စပ်ကုန်စည်ပြပွဲကို ကျင်းပမည်ဖြစ်ရာ အဆိုပါကုန်စည်ပြပွဲကာလအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံတာဝန်ရှိသူများက နယ်စပ်စီးပွားရေးဇုန်နှင့် ပတ်သက်သည့် အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

“အဲဒီအခါကျရင် နှစ်ပိုင်းပေါ့။ တစ်ပိုင်းက အစိုးရအချင်းချင်းပေါ့။ ဟိုဘက်က Working Group နဲ့ ဒီဘက်က Working Group ။ နောက်တစ်ခုက ဟိုဘက်က လုပ်ငန်းရှင်နဲ့ ဒီဘက်ကလုပ်ငန်းရှင်ပေါ့။ ဘယ်လိုစက်မှုဇုန် တွေဖော်ကြမလဲဆိုတာ ဆွေးနွေးကြမယ်။ လုပ်ရမှာကတော့ Government to Government ပဲ။ ဒါပေမဲ့ လုပ်ရမှာကတော့ ပုဂ္ဂလိကပဲ။ အစိုးရအသိအမှတ်ပြုတဲ့ ကုမ္ပဏီတွေကို ပါဝင်ခွင့်ပေးမယ်။ ပေးမယ်ဖြစ်တဲ့အတွက် မကြာခင်မှာ ဒီဇုန်မှာ ပါဝင်လုပ်ကိုင်ချင်တဲ့ သူတွေနဲ့ပတ်သက်ပြီး EIO ပေါ့။ Expression of Interest ခေါ်မယ်။ အဲဒီအခါကျရင် သူတို့ လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလား ဆန်းစစ်ပြီး လုပ်ကိုင်ခွင့်ပြုသွားမယ်” ဟု ဦးအောင်ထူးက ဆက်လက်ပြောကြားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း သဘောတူညီချက်အရ ၂၀၁၇ ခုနှစ် မေလ၌ မြန်မာ- တရုတ် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) အား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နယ်စပ်စီးပွားရေးဇုန် တည်ထောင်ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင်ခြင်း၊ ဒေသတွင်း စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်း (SMEs) များ ဖွံ့ဖြိုးတိုးတက်လာ၍ ကုန်ထုတ်စွမ်းအားမြင့်မားလာခြင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

MoU သဘောတူညီချက်အရ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေးဇုန် အကောင်အထည်ဖော်တည်ဆောက်မည့် တည်နေရာ ရွေးချယ်သတ်မှတ်ပေးရမည်ဖြစ်ကြောင်း၊ တည်နေရာရွေးချယ်သတ်မှတ်ရာတွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ဆက်စပ်နေသော ကချင်ပြည်နယ်မှ ကန်ပိုက်တီးနှင့် ရှမ်းပြည်နယ်မှ မူဆယ်၊ ချင်းရွှေဟော်ဒေသများ ပါဝင်ရွေးချယ် လျာထားသတ်မှတ်ပေးရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Source : Eleven Media Group
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်

Facebook comments