ရင်းနှီးမြှုပ်နှံချင်တဲ့ သူတွေ ဝယ်သင့်နေတဲ့ အခုလိုဈေးကွက်အခြေအနေမှာ ဝယ်ယူမယ်ဆိုရင် လူပြောများနေတဲ့ ဦးစားပေးမြို့ သစ်စီမံကိန်းနေရာေ တွကို ရွေးချယ်သင့်တယ်လို့သိရပါတယ်။
သည်ရက်ပိုင်းတွေမှာ အရောင်းအဝယ်သမားတွေ စိတ်ဝင်စားမှုတွေ ပြန်ရှိနေတာက သြဂုတ်လမှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆွေးနွေးခဲ့တဲ့ မြို့သစ်စီမံကိန်းတွေပါ။ဆွေးနွေးပွဲမှာ ဦးစားပေးမြို့သစ်စီမံကိန်းအဖြစ် အရှေ့ဒဂုန်မြို့နယ်ပြီးပါက သန်လျင် ကုလားဝဲ တံတားအနီး မြေနေရာ၊ ဒလမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်ကြား မြေနေရာ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိမြို့သစ် စီမံကိန်းတွေကို ပြောကြားခဲ့ကြတာပါ။
ရန်ကုန်မြို့သစ်စီမံကိန်းကို အရှေ့ဒဂုန်မြို့နယ်လေးထောင့်ကန်အနီးရှိ လယ်မြေဧက ၁၇,၀၀၀ ကျော်မှာ အကောင်အထည်ဖော်ဖို့ မြို့ပြ စီမံကိန်း ပညာရှင်တွေက ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို အကြံပြုထားတယ်လို့ သိရပါတယ်။လက်ရှိမှာ ရည်ရွယ်ထားတဲ့နေရာတွေ ရှိ မြေဈေးနှုန်းတွေနဲ့ ဈေးကွက်အခြေအနေက ဝယ်ချင်သူတွေအတွက် သင့်တင့်နေတဲ့ ဈေးတွေ ဖြစ်နေတာကြောင့်ပါ။
အောင်မြင့်မိုရ် အကျိုးဆောင်မှ ဦးဇော်မြင့်က "ဈေးကွက်အရတော့ ခုချိန်ဘယ်သူကမှ ရဲရဲတင်းတင်းဝယ်ဖို့ မရဲသေးတဲ့အချိန်ပါ၊ အပြောင်း အလဲတွေ များနေတော့ ကြောက်ကြတယ်၊ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ ရေတိုရေရှည်ခွဲပြီး ရင်းနှီးမှ အဆင်ပြေနိုင်မယ်၊ ရေရှည်ရင်းနှီး ထားသူတွေ ဆိုရင်တော့ စီမံကိန်းထဲမှာ ပါတဲ့ နေရာတွေက အကောင်းဆုံးပါပဲ၊ ဖွံ့ဖြိုးဖို့စောင့်ရမှာ အချိန်ကြာတယ်ဆိုပေမဲ့ ရေရှည် အတွက်တော့ ဝယ်ထားသင့်တယ်" လို့ ပြောပါတယ်။
အိမ်ခြံမြေဈေးက လက်ရှိမှာ အဝယ်ဈေးကွက်ပျောက်နေပြီး ဈေးတွေကလည်း ခေါ်ဈေးမမြင့်တော့ဘဲ ညှိနှိုင်းဈေးတွေနဲ့ ရောင်းကြတာတွေ ရှိနေတာပါ။အကျိုးဆောင်အများစုက ဝယ်ချင်သူတွေအတွက် ဝယ်လို့ကောင်းတဲ့အချိန် ဖြစ်တယ်လို့ ပြောကြပါတယ်။
ဒဂုံအရှေ့ပိုင်းရှိ လေးထောင့်ကန်အနီး လယ်မြေဧက ၁၇,၀၀၀ ကျော်ကို စီမံကိန်း ပြုလုပ်ဖို့ တင်ပြထားမှုတွေကြောင့် အနီးအနားရှိ တချို့မြေကွက်တွေ အရောင်းအဝယ်ပြန်ရှိလာတယ်လို့ သိရတယ်။ ဝယ်ရောင်းသမားတွေ ပြန်စိတ်ဝင်စားပြီး ဈေးကွက်ပြန်ဆင်းကြ တာကြောင့်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "အရင်ကလို မဝယ်ရဲကြတာက မြေတွေအကြာကြီး ပိုက်မိကြမှာ စိုးကြလို့ပါ၊ စီမံကိန်းတွေရှိတဲ့ နေရာတွေထဲမှာ ဒလဘက်ကို ပိုပြီး စိတ်ဝင်စားမှု ရှိနေကြတယ်၊ တခြားနေရာတွေက ဖွံ့ဖြိုးမှုရှိလာဖို့ အချိန်အတော်ကြာ စောင့်ရ မှာကြောင့် မဝံ့မရဲ ဖြစ်နေကြတာ" လို့ ပြောပါတယ်။
သြဂုတ်လ ၁၉ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုလဲခန်းမမျာ ပြုလုပ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်း နဲ့ ပတ်သတ်ပြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲမှာ မြို့ပြစီမံကိန်း ပညာရှင်တွေက တင်ပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Source: The Kumudra