ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ လိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများအသင်း Y.C. D.C L/C Association အား မကြာမီ ဖွဲ့စည်းဆောင်ရွက်တော့မည် ဖြစ်ကြောင်း လိုင်စင်ရအဆောက် အအုံကန်ထရိုက်တာများအသင်း (ယာယီ)မှ သိရသည်။
လိုင်စင်ရအဆောက်အအုံ ကန် ထရိုက်တာများအသင်း Y.C.D.C L/C Association အား ဖွဲ့စည်း ဆောင်ရွက်လိုက်ခြင်း အားဖြင့် အဆောက်အအုံတည်ဆောက်ရာတွင် လုံခြုံစည်းစနစ်ကျပြီး အရည်အသွေး ပြည့်ဝသော အဆောက်အအုံများ ပေါ်ထွက်လာခြင်း၊ မြို့တော်အင်္ဂါရပ် နှင့်အညီ လိုအပ်သည့်စည်းမျဉ်း ဥပဒေများအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြနိုင်ကြခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍ ပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက် နိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်စရာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ လိုင်စင်ရအဆောက်အအုံကန်ထရိုက်တာများ အသင်းမှ သိရသည်။
လိုင်စင်ရကန်ထရိုက်တာများအသင်း (ယာယီ)အဖွဲ့မှ တော်ဝင် မြန်မာဆောက်လုပ်ရေးမှ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ''ရန်ကုန် မြို့မှာက လိုင်စင်ရကန်ထရိုက်တာ ဦးရေ ၁၂ဝဝ ကျော်ရှိပါတယ်။ လိုင်စင်ရကန်ထရိုက်တာတွေအတွက် အခက်အခဲကတော့ အားလုံးအတူတူပါပဲ။ တစ်ဦးတစ်ယောက်ချင်း ဖြေရှင်းမှာထက်စာရင် အဖွဲ့အစည်းနဲ့ စနစ်တကျဖော်ဆောင်ပြီး တာဝန်ရှိသူတွေကို တင်ပြသွားကြမယ်ဆိုရင် အဆင်ပြေသွားမယ်လို့မျှော်လင့်မိပါတယ်။ အခုဆိုရင် လုပ်ငန်းအမြောက် အမြားကို ရပ်ဆိုင်းထားရတာဆိုတော့ ကျွန်တော်တို့နောက်မှာ မှီခိုနေတဲ့ ဝန်ထမ်းတွေအတွက်လည်း အခက် အခဲရှိနေပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများအသင်းကိုလည်း တစ်လအတွင်းဖွဲ့စည်းဆောင်ရွက် တော့မှာပါ။ လိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများ အသင်းဝင်များ အတွက်လည်း နောက်ပိုင်းအကျိုးရှိလာတော့မှာဖြစ်ပါတယ်'' ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ လိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းသည့်အခါ၌ နာယက သုံးဦး အပါအဝင် ဦးစီးကော်မတီ ၃၆ ဦးနှင့် အလုပ်အမှုဆောင် ၁၈ ဦးကို လျာထားဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေပညာရှင်၊ အင်ဂျင်နီယာ ပညာရှင်၊ လျှပ်စစ်နှင့်ဆောက်လုပ်ရေး ပညာရှင်များပါဝင်သောအသင်းဖြစ် မြောက်စေရန်အတွက် စည်းမျဉ်း စည်းကမ်းဥပဒေများ ရေးဆွဲကာဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့နောက် တွေ့ကြုံနေရသည့် အခက်အခဲများအား ကြိုးစားဆောင် ရွက်သွားမည်ဖြစ်ကာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနများ အားလုံးမှ ဖြစ်ပေါ်လာမည့် တည်ဆောက်ရေးလုပ်ငန်းများအား ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ လေလံစနစ်ဖြင့် ဖော်ဆောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ လိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအား မကြာမီတင်ပြ သွားမည်ဖြစ်ကြောင်း လိုင်စင်ရကန်ထရိုက်တာများအသင်း(ယာယီ)အဖွဲ့ မှ သိရသည်။
Source:The Mirror Daily