အိမ်ခြံမြေဈေးကွက် လည်ပတ်နိုင်ဖို့ ဆက်စပ်လုပ်ငန်းတွေပါ ကောင်းဖို့လို

အိမ်ခြံမြေဈေးကွက် ပြန်ပြီး လည်ပတ်နိုင်ဖို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာ အိမ်ခြံမြေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေနဲ့ တခြားကဏ္ဍတွေပါ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အိမ်ခြံမြေတစ်ခုတည်းကိုပဲ ဝင်ရောက်လာရင် ဈေးကွက်ကို ကောင်းစေနိုင်တယ်ဆိုတာထက် စီးပွားရေးလုပ်ငန်းအားလုံးဖွံ့ဖြိုးမှ အားလုံးလည်ပတ်နိုင်မှာ ဖြစ်တယ်လို့ အကျိုးဆောင်တချို့နဲ့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဝင်ရောက်လာတာရှိပေမဲ့ ပြည်တွင်းလိုအပ်ချက်တွေ အားနည်းချက်တွေ ရှိနေတာကြောင့် တချို့လုပ်ငန်းတွေမှာ အကြမ်းထည်လောက်သာ ပြုလုပ်နိုင်သေးတာတွေလည်း ရှိနေတာပါ။

စီးပွားရေးပညာရှင် ဦးစောမောင်က ‘ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာက လုပ်ငန်းတစ်ခုတည်းဆိုရင်လဲ မကောင်းဘူး၊ လုပ်ငန်းတစ်ခုတည်းဆိုလဲ ဈေးကွက်က ပုံမှန်မဟုတ်တဲ့ ဈေးနှုန်းတွေနဲ့ လည်ပတ်လာနိုင်တယ်၊ လုပ်ငန်းအားလုံး ဝင်ရောက်လာမှ ဟန်ချက်ညီပြီး စီးပွားရေးလုပ်ငန်းအားလုံး ဖွံ့ဖြိုးလာမှာ ’ လို့ ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်က လုပ်ငန်းအားလုံးနီးပါးနဲ့ ဆက်စပ်နေတာကြောင့် အခုလို စီးပွားရေးလုပ်ငန်းတွေ နှေးကွေးနေချိန်မှာ အိမ်ခြံမြေဈေးကွက်လည်း အေးစက်ပြီး ငြိမ်သက်နေတာ ဖြစ်တယ် ဈေးကွက်အရ ဝယ်လိုအားအရ လိုအပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေထက် ဝယ်လိုအားနည်းနေတဲ့ အိမ်ရာတွေတည်ဆောက်နေတာ ပိုများနေတာကြောင့်လည်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဝသုန်အကျိုးဆောင်မှ ဦးဝင်းမောင်က ‘စီးပွားရေးအားလုံးက ဆက်စပ်နေတာပဲလေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် အရောင်းဈေးကွက်မကောင်းတောင် အငှားဈေးကွက်နဲ့ စက်မှုဇုန်ဈေးကွက်က လည်ပတ်မှာပဲ၊ စီးပွားရေးလုပ်ငန်းတစ်ခု လည်တာနဲ့ အကုန်လိုက်လည်ပတ်တော့မှာ၊ အခုက အကုန်ရပ်နေသလို ဖြစ်နေတာ၊ ဆောက်လုပ်ရေးဈေးကွက် ပြန်ကောင်းလာရင်လဲ အရောင်းအဝယ်ဈေးကွက်က ပြန်ကောင်းလာနိုင်တာပဲ၊ ဒါတွေ အကုန်လုံးက ဆက်နေတာကြောင့် လုပ်ငန်းအားလုံး ဖွံ့ဖြိုးဖို့ လိုအပ်တာ’ လို့ ပြောပါတယ်။

Source :Kumudra

Facebook comments