ပုံစံအသစ်နဲ့ ငွေလည်ပတ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ

ငွေပေါ်အောင်ဘဏ်မှာ အပေါင်ထားလို့မရတဲ့ကန်ထရိုက်တိုက်ခန်းတွေကို အရစ်ကျနဲ့ရောင်းတာ၊ စပေါ်ပေး အငှားတွေတင်ပြီး ငွေလှည့်ရတာတွေ ရှိနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။

“ကန်ထရိုက်တိုက်တွေရဲ့ အားနည်းချက်က ဘဏ်မှာ အပေါင်မရကြတော့ တကယ်ငွေလိုအပ်ရင် ထုတ်ရတာခက်တယ်၊ အရောင်းဘက်မှာကျတော့လဲ လက်ငင်းကမဝယ်တော့ အရစ်ကျကို အားထားနေရတယ်”လို့ အံ့ထူးဆောက်လုပ်ရေးက တာဝန်ခံ ကိုမင်းမင်းက ပြောပါတယ်။

အခုနောက်ပိုင်း ပြင်ပကလက်ခံဆောင်ရွက်တဲ့ တိုက်ခန်းအပေါင်ဈေးကွက်ကလည်း လက်ရှိပေါက်ဈေးရဲ့ ၁၀ ရာခိုင်နှုန်း လောက်ပဲ ငွေထုတ်ချေးကြတာများလို့ အရောင်းအဝယ် ပုံစံစာချုပ်ချုပ်ပေးရတဲ့ အပေါင်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က ရှောင်လာကြပါတယ်။ ဒါ ကြောင့် ငွေပေါ်ဖို့များတဲ့ စရန်ငွေပေး အရစ်ကျအရောင်းတွေနဲ့ စပေါ်ငွေများများနဲ့ ငှားရမ်းသူတွေကို လက်ခံလာကြတာ ဖြစ်ပါတယ်။

အရစ်ကျတိုက်ခန်း အငှားဈေးကွက်ကတော့ ပထမအရစ်ကို ၃၀ ရာခိုင်နှုန်းက နေ ၅၀ ရာခိုင်နှုန်းလောက်အထိ ယူပြီး တစ်လ ကျပ်ငါးသိန်းပေးနဲ့ အရောင်းတွေ ဖြစ်ကြပါတယ်။ အများစုကတော့ကျပ်သိန်း၂၀ဝ ဝန်းကျင်တိုက်ခန်းတွေရဲ့ အရောင်းဈေးကွက်ပဲ ဖြစ်ပါတယ်။ စပေါ်ပေး အငှားဈေးကွက်ကတော့ အိမ်လခမဲ့အငှား ကိုစပေါ်ကျပ်သိန်း ၁၀ဝ လောက်အထိပေးရတာတွေ ရှိပါတယ်။ စပေါ်ကျပ်သိန်း ၅၀ အောက် အငှားတွေကတော့ လခသောင်းဂဏန်းဝန်းကျင်ပေးချေရတာ ဖြစ်ပါတယ်။

“အရစ်ကျအရောင်းနဲ့ စပေါ်အငှားတွေကျတော့ ငွေပေါ်တယ်၊ ကိုယ့်ဘက်က အဆင်ပြေရင် ပြန်အမ်းနိုင်တယ်၊ အတိုးလဲမပေးရဘူး၊ ကိုယ့်ဘက်က ငွေလှည့်လို့ လွယ်သွားတယ်”လို့ ယူကေဆောက်လုပ်ရေးက မန်နေဂျာ ကိုထက်က ပြောပါတယ်။

သည်လို အရောင်းနဲ့အငှားအများစုကတော့ နောက်ထပ်ကန်ထရိုက်တိုက်တွေ ဆောက်လက်စနဲ့ ငွေမလည်နိုင်တော့တဲ့ လုပ်ငန်းတွေရဲ့ အရောင်းအဝယ်ဈေးကွက်ပဲ ဖြစ်ပါတယ်။


Source: The Kumudra

Facebook comments