အိမ်ခြံမြေစံနှုန်းထားသစ် ပေးဆောင်နိုင်တဲ့နှုန်းထားဖြစ်ဖို့ တင်ပြဆွေးနွေးဖို့ရှိ

အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာမှာပေးဆောင်ရတဲ့ ဝင်ငွေခွန်နှုန်းထားတွေကမြင့်နေတာကြောင့် လျှော့ချပေးနိုင်ဖို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) က တင်ပြဆွေးနွေး ဖို့တွေရှိတယ်လို့ သိရပါတယ်။

MRESSA အသင်းက ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အခွန်ဆောင်ချင်လာအောင်ဖြစ် သင့်ဖြစ်ထိုက်တဲ့နှုန်းထားတွေဖြစ်လာအောင် သတ်မှတ်ပေးဖို့လိုနေတာပါ၊ ပေးဆောင်ရမယ့်သူတွေ အခွန်တွေကိုပြည့်ပြည့်ဝ၀ ပေးဆောင်လာ အောင်ဖြစ်ပေါ်လာဖို့ သက်ဆိုင် ရာအစိုးရကို တင်ပြပြီးဆောင်ရွက်ဖို့ရှိပါတယ်လို့ ပြောပါတယ်။

လက်ရှိမှာသတ်မှတ်ထားတဲ့ ဝင်ငွေခွန်နှုန်းထားတွေက မြင့်နေတာကြောင့် ဝင်ငွေခွန်ဆောင်မယ့်သူတွေကလည်းပြောင်းလဲမယ့်နှုန်းထားတွေကိုစောင့်မျှော်နေကြတယ်လို့ ဈေးကွက်အတွင်းကသိရပါတယ်။ ဝင်ငွေခွန်နှုန်းထား တွေကို နှစ်စဉ်ပြောင်းလဲသတ်မှတ်လေ့ရှိတာကြောင့် အသစ်သတ်မှတ်မယ့်နှုန်းထားတွေကိုသင့်တင့်တဲ့နှုန်းထားတွေဖြစ်စေချင်ကြတာပါ။

ဦးခင်မောင်သန်းကပဲ ဝင်ငွေခွန်တွေကို ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က အိမ်ခြံမြေစံနှုန်းထားတွေ ၃၇ ရာခိုင်နှုန်းသတ်မှတ်တယ်။ အခွန်ပေးဆောင်သူတွေရဲ့ အသံမှာအရမ်းများတယ်ဆိုတဲ့ အသံတွေကြောင့် နိုင်ငံတော်အစိုးရကို ထင်သာမြင်သာရှိ အောင်တင်ပြပြီး ကြိုးစားကြတယ်။ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှာ သိန်း ၃၀ဝ၀ အောက်ကို စံနှုန်းထားတွေလျှော့ပေးတယ်။ အခွန်ဆောင်တာတွေများလာခဲ့ကြတယ်။

၂၀၁၅ ခုနှစ်မှာ သိန်း ၁၅,ဝ၀ဝ အောက်ကိုထပ်လျှော့ခဲ့တယ်။ ဒါပေမဲ့အမှတ်မထင်၂၀၁၆ ခုနှစ်အတွက် ဝင်ငွေခွန်တွေကို ပြန်လည်မြှင့်ခဲ့တယ်။ ဈေးကွက်ကအေးစက်နေချိန်မှာ အခုလိုတိုးမြှင့်လိုက်တာကြောင့် ဈေးကွက်က ပိုပြီးအေးစက်ခဲ့တယ်လို့ဆို ပါတယ်။

ဝသုန်အကျိုးဆောင်မှဦးဝင်းမောင်က ရောင်းသူဝယ်သူတွေရဲ့အခွန်ဆောင်ချင်တဲ့စိတ်တွေနည်းသွားတယ်၊ အရင်ကဆိုကိုယ်တွေကအခွန်ဆောင်ဖို့ တိုက်တွန်းရတာအဆင်ပြေပေမဲ့ အခုကျတော့ပြောရခက်တယ်၊ ဆောင်ချင် သူတွေတောင် မဆောင်တော့ဘဲပြောင်းလဲသတ်မှတ်မယ့်နှုန်းထားအသစ်ကို စောင့်နေကြတာလို့ ပြောပါတယ်။

ဈေးကွက်ထဲမှာ အခွန်ဆောင်ချင်သူတွေ၊ အမည်ပေါက်ပြောင်းလဲချင်သူတွေကအခွန်နှုန်းထားကျတာနဲ့ အခွန်ဆောင်နိုင်အောင်လိုအပ်တာတွေကိုကြိုတင်လုပ်ဆောင်ထားကြတာတွေလည်းရှိတယ်လို့ ဈေးကွက်အတွင်းက သိရတယ်။

အခွန်ထမ်းဆောင်မယ့်သူတွေအတွက် လက်ရှိမှာမျှော်လင့်နေကြတာက အသစ်ထွက်ရှိလာမယ့် မြေကွက်စံနှုန်းတွေနဲ့ ဝင်ငွေခွန်နှုန်းထားတွေက ထမ်းဆောင်နိုင်မယ့်နှုန်းထားတွေအဖြစ် သင့်တင့်တဲ့နှုန်းထားတွေဖြစ်သင့်တယ်လို့ အကျိုးဆောင်တွေ၊ အခွန်ထမ်းတွေနဲ့ ကျွမ်းကျင်သူတွေကသုံးသပ်ထားကြတာပါ။

နေဖို့ဝယ်သူတွေအတွက် နှုန်းထားနဲ့ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဝယ်ရောင်းသမားတွေရဲ့ နှုန်းထားတွေကို ခွဲခြားသတ်မှတ်ထားတာမျိုးတွေလည်း ပြုလုပ်သင့်တယ်လို့သိရတယ်။ စံနှုန်းတွေနဲ့ပတ်သက်ပြီးထင်သာမြင်သာရှိဖို့အတွက် အခွန်ဦးစီးဌာနနဲ့အရောင်းအဝယ်ဖြစ်နေသင့်တဲ့ ဈေးနှုန်းတွေသတ်မှတ်ထားတယ်လို့ MRESA က သိရပါတယ်။ အသင်းအနေနဲ့စံနှုန်းထားတွေကို ပို့ပေးထားတာပဲရှိတယ်။ သက်ဆိုင်ရာဌာနတွေကိုတင်ပြပြီးအတည်ပြု လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။

Source: The Kumudra

Facebook comments