ဝယ်သူပျောက်လို့ ပုဂ္ဂလိကအိမ်ရာတွေလည်း အကျိုးဆောင်နဲ့ချိတ်ဆက်

အဆင့်မြင့်ကွန်ဒိုတိုက်ခန်း အရောင်းအဝယ်ဈေးကွက် အေးနေတာကြောင့် ဆောက်
လုပ်ရေးလုပ်ငန်းရှင်တချို့က အကျိုးဆောင်တွေနဲ့ ချိတ်ဆက်ပြီး ဈေးကွက်ရှာနေကြတာတွေ ရှိတယ်လို့ သိရပါတယ်။

‘နာမည်ကြီး ဆောက်လုပ်ရေးတွေ၊ အိမ်ရာတွေကလဲ ချိတ်ဆက်လာတာတွေရှိတယ်၊ သူတို့က ဈေးကွက်မှာ သူသိလာအောင် ကြော်ငြာထားကြပေမဲ့လဲ ဝယ်သူရှာဖို့ကို ပူးပေါင်းကြတာမျိုးပေါ့၊ အကျိုးအမြတ်ကို ရာခိုင်နှုန်းအလိုက် ပေးတာမျိုးတွေနဲ့ ချိတ်ဆက်လာကြတာ’ လို့ ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဦးအောင်ကျော်က ပြောပါတယ်။

တချို့ပုဂ္ဂလိကအိမ်ရာစီမံကိန်းတွေကတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းရောင်းချတဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေမှာသာ ပရိုမိုးရှင်းတွေပေးပြီး ရောင်းချတာများတယ်။

အကျိုးဆောင်နဲ့ ပူးပေါင်းရောင်းချတဲ့အခါ ပေးချေရတဲ့ အကျိုးအမြတ် ရာခိုင်နှုန်းက သာမန်အတိုင်း နှစ်ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘ အရင်က အကျိုးတူ ရောင်းတယ်ဆိုတာမျိုးက တော်တော်နည်းတယ်၊ ကုမ္ပဏီကြီးက ကိုယ်ပိုင်မာကတ်တင်းနဲ့ထားကြတာ၊ အခုက ဝယ်သူပျောက်နေတာကြောင့် အခုလိုတွေချိတ်ဆက်လုပ်လာကြတာ ‘ လို့ ပြောပါတယ်။

ပြည်တွင်းပြည်ပဆောက်လုပ်ရေးလုပ်ငန်းအများစုက ၂၀၁၅ ခုနှစ်အထိ ဈေးကွက်ကိုယ်ပိုင်ဝန်ထမ်းတွေနဲ့ ဈေးကွက်ကို ရှာဖွေခဲ့ကြတယ်။ဝန်ထမ်းကိုလည်း ကော်မရှင်ကြေးနဲ့
ပေးချေကြတာများတယ်။ဝယ်သူပျောက်နေတဲ့ ဈေးကွက်အခြေအနေမှာအခုလိုလုပ်ငန်းတူအချင်းချင်း ပူးပေါင်းတာ၊ အကျိုးဆောင်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်လာကြတာဖြစ်တယ်။

Source: The Modern

Facebook comments