ဟိုတယ် ဆောက်လုပ်မှုများအတွက် ဥပဒေပါအတိုင်း ဟိုတယ်ခရီး ဝန်ကြီးဌာနသို့ ကြိုတင် တင်ပြပြီးမှ ဆောက်လုပ်ခွင့်ပြုမည်

ဟိုတယ်လုပ်ငန်းများအတွက် အဆောက်အအုံဆောက်လုပ်ရာတွင် ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်ယူပြီးမှသာ ဆောက်လုပ်ခွင့်ရှိမည်ဖြစ်ပြီး
 ယင်းသို့မဟုတ်ပဲအဆောက်အအုံ ဆောက်လုပ်ပြီးမှဝန်ကြီးဌာနသို့ လုပ်ငန်းလိုင်စင်
တင်ပြခွင့်ပြုချက်တောင်းခံမှုကိုလက်ခံသွားမည်မဟုတ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး
ဝန်ကြီးဌာနညွှန်ကြားရေးမှူးဦးမျိုးဝင်းညွန့်ကပြောသည်။

''ဒါကို မလိုက်နာဘဲ အဆောက်အအုံဆောက်ပြီးမှ လိုင်စင်လာလျှောက်ရင် လိုင်စင်ထုတ်ပေးသွားမှာ
မဟုတ်ဘူး။ အရင်ကတော့ လုပ်ငန်းရှင်တွေ နစ်နာမှာစိုးလို့ ဝန်ခံကတိနဲ့ အဆောက်အအုံ
အားလုံးဆောက်ပြီးမှ လုပ်ငန်းလိုင်စင်တင်တာကို ခွင့်ပြုပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကစပြီး
ဟိုတယ်ခရီးခွင့်ပြုချက်မရှိဘဲ ဆောက်တဲ့ဟိုတယ်အဆောက်အအုံတွေကို လိုင်စင်မပေးတော့ဘူး။
ဒါက ၁၉၉၃ ခုနှစ် ဥပဒေမှာရှိပြီးသား။ အဲဒါကြောင့်ဆောက်လက်စ အဆောက်အအုံတွေကိုလည်း
ခွင့်ပြုချက်တင်ဖို့ အကြောင်းကြားထားပါတယ်'' ဟု ၄င်းက ပြောသည်။

ယင်းသို့ဆောင်ရွက်ခြင်းမှာ လုပ်ငန်းရှင်များသည် ဟိုတယ်ဆောက်ရန် တင်ပြထားသည့် ဒီဇိုင်း၊
အခန်းအရေအတွက်နှင့် ဟိုတယ်အဆင့်အတန်းအတိုင်း ဆောက်လုပ်ရန်အတွက်ဖြစ်ပြီး
မူလပုံစံက ကွဲထွက်ခြင်း၊အခန်းအရေအတွက်တိုးလာခြင်းများ မပြုလုပ်ရန် ဖြစ်သည်ဟု
ဦးမျိုးဝင်းညွန့်က ပြောသည်။

''တချို့လုပ်ငန်းရှင်တွေက ဘာဆောက်မယ်ဆိုတာ အတိအကျမပြောဘဲ သက်ဆိုင်ရာမြို့နယ်
စည်ပင်သာယာလိုင်စင်နဲ့ ဆောက်တယ်။ ပြီးတဲ့အခါကျ ဟိုတယ်ဆိုပြီး လုပ်ငန်းလိုင်စင်တင်တယ်။
အဲဒီအခါကျ ဟိုတယ်ခရီး သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဆောက်ပြီးသား အဆောက်အအုံတွေကို
မနစ်နာစေချင်တာကြောင့် ဝန်ခံကတိနဲ့ ခွင့်ပြုလိုက်ရတယ်။ ဒါကြောင့် ဝန်ကြီးဌာနက
လိုအပ်တာတွေ အကြံပြုလို့ရအောင် မဆောက်ခင် အရင်တင်ပြ ခွင့်ပြုချက်ယူပြီးမှ ဆောင်ရွက်ဖို့
ညွှန်ကြားချက် ထပ်မံထုတ်ပြန်ရခြင်းဖြစ်တယ်'' ဟု ၄င်းက ပြောသည်။

ဟိုတယ်အဆောက်အအုံ မဆောက်လုပ်မီကပင် ပါဝင်မည့် အခန်းအရေအတွက်၊
ဒီဇိုင်းစတာတွေကိုကြိုတင်တင်ပြရမည်ဟု ဥပဒေက ဆိုထားသော်လည်း ခရီးသွားလုပ်ငန်း
လုပ်ကိုင်သည့် လုပ်ငန်းရှင်အားလုံးနီးပါးကနားလည်မှုဖြင့် နောက်ဆုံးအဆင့် အဆောက်အအုံ
အချောသတ်ဆောက်လုပ်ပြီးစီးမှ တစ်ပါတည်း တင်ပြ၍ လိုင်စင်လျှောက်ထားလျက်ရှိခြင်းဖြစ်သည်ဟု
မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ငွေဆောင်ဇုန် တွဲဖက်အတွင်းရေးမှူး
ဦးကျော်မင်းလှိုင်ကပြောသည်။

''နားလည်မှုနဲ့ လုပ်ရင်းနဲ့ နောက်ဆုံး အဆောက်အအုံဆောက်ပြီးမှ လုပ်ငန်းလိုင်စင်
တင်ရသလိုဖြစ်သွားတာပါ။ လုပ်ငန်းရှင်တွေက အကုန်သိပြီးသားပါ။ ခွင့်ပြုချက်အရင်တင်ပြီးမှ
ဆောက်ရင် သူတို့လုပ်ချင်သလို လုပ်လို့မရတဲ့အတွက် အဆောက်အအုံအားလုံးပြီးမှ
လိုင်စင်တင်ကြတာပါ'' ဟု ဦးကျော်မင်းလှိုင်က ပြောသည်။

ယင်းသို့ ဟိုတယ်အဆောက်အအုံဆောက်လုပ်ပြီးမှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင်
သတ်မှတ်ချက်နှင့် မကိုက်ညီသဖြင့် ဟိုတယ်ဆောက်ပြီးမှ လုပ်ငန်းလိုင်စင်မရသည့်
ဟိုတယ်တစ်လုံး ငွေဆောင်ကမ်းခြေတွင် ရှိကြောင်း၊ ကမ်းခြေတွင်သတ်မှတ်ထားသည့်
အထပ်အမြင့်ထက်ကျော်လွန်နေသောကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက
လိုင်စင်မပေးခြင်းဖြစ်ကြောင်း၎င်းကပြောသည်။

''သူတို့က ဥပဒေချိုးဖောက်တဲ့သူတွေဆိုတော့ တရားမဝင်ဖြစ်မှာပဲ။ အဲဒါဆို အရေးယူလို့ရတယ်။
ဒါပေမဲ့ ဟိုတယ်ခရီးက ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာ ခုထိမသိရသေးဘူး'' ဟု
ဦးကျော်မင်းလှိုင်ကပြောသည်။

''အဓိကတော့ ဟိုတယ်တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ သတ်မှတ်ချက် စံနှုန်းထား မမီမှာစိုးလို့
စစ်ဆေးတာပါ။ ခွင့်ပြုချက် တင်ရတာ ပိုက်ဆံပေးရတာလည်း မဟုတ်ဘူး၊ လာဘ်ထိုးရတာလည်း
မဟုတ်ဘူး။ အဲဒါကို ဘာလို့ ခွင့်ပြုချက်မတင်ဘဲ ပြီးစလွယ်လုပ်နေကျလဲ မသိတော့ဘူး'' ဟု
၎င်းကပြောသည်။

ယခင်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းခံရာတွင်နေပြည်တော်သို့
တိုက်ရိုက်သွားရောက်ရခြင်းကြောင့် နယ်လုပ်ငန်းရှင်များအတွက် အခက်အခဲရှိခြင်းကြောင်း
လုပ်ငန်းလိုင်စင်လျှောက်ထားမှုကို ဇူလိုင် ၁ ရက်ကစ၍ အွန်လိုင်းမှတစ်ဆင့်
လျှောက်ထားခွင့်ပြုခဲ့သည်။

Source: The Myanmar Time

Facebook comments