ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသခံတွေ ဘိုးဘွားပိုင်မြေမှာ ဟိုတယ်ဆောက်လုပ်ခွင့်ပေးဖို့ ရှိမရှိ လွှတ်တော်တင်ပြမည်ဟုဆို

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသခံတွေရဲ့ ဘိုးဘွားပိုင်မြေနေရာမှာ ဟိုတယ် ၊ မိုတယ် ဆောက်လုပ်ခွင့်တားမြစ်ထားတာကို လွှတ်တော်မှာ တင်ပြဆွေးနွေးမယ်လို့ မန္တလေးတိုင်းလွှတ်တော် သာသနာရေး ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ ဦးဝင်းမြင့်ခိုင်က ပြောခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ် ။

အခုလ ၈ ရက်ပြုလုပ်တဲ့ မန္တလေးတိုင်း လွှတ်တော်သာသနာရေး ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆပ်ကော်မတီနဲ့ ဒေသခံတွေဆုံပွဲမှာ အခုပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

‘ကျွန်တော်တို့ မြို့က တခြားစီးပွားရေးလုပ်ငန်းက ဘာမှလုပ်လို့မရဘူး ၊ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ ဟိုတယ် ၊ မိုတယ် ၊ အင်းတွေလောက်ပဲ လုပ်လို့ရတယ် ၊ အဲဒါကြောင့် ရှေးဟောင်းအဆောက်အအုံနဲ့ ပေ ၁၂၀ ကျော်ကွာဝေးရင် ဒေသခံတွေကို ဆောက်လုပ်ခွင့်ပေးဖို့ အဲဒီနေ့က တောင်းဆိုခဲ့တာပါ’ လို့ ညောင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးမြင့်ဦးက ပြောပါတယ် ။

ညောင်ဦးမြို့ဟာ မြင်းခြံ ၊ ကျောက်ပန်းတောင်း ၊ ချောက် ၊ ပခုက္ကူမြို့တွေရဲ့ အလယ်မှာရှိတဲ့အတွက် အခြားစီးပွားရေးလုပ်ငန်းလုပ်ဖို့ အခက်အခဲရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ် ။

‘ကျွန်တော်တို့က တခြား ခရိုနီတွေလို ဧက ၂၀ ၊ ၃၀ လောက်ကို ကျပ်သိန်းသောင်းချီအကုန်ကျခံပြီး တည်ဆောက်နေတာမဟုတ်ပါဘူး ၊ တည်ဆောက်နေတာ မဟုတ်ပါဘူး ၊ တခြားစီးပွားရေးလဲ လုပ်လို့မရဘူး ၊ လိုင်စင်တွေချမပေးဘူးဆိုတော့ ဒေသခံတွေနစ်နာတာပေါ့’ လို့ဦးမြင့်ဦးက ပြောပါတယ် ။

ဒေသခံတွေအနေနဲ့ ဥပဒေနဲ့ညီပါက ဆောက်လုပ်ခွင့်ချထားပေးဖို့အပြင် ဟိုတယ်ဝန်ဆောင်မှုသင်တန်းလည်း ဖွင့်လှစ်ပေးစေချင်တယ်လို့ သိရပါတယ် ။

Source: The Kumudra

Facebook comments