အိမ်ခြံမြေစိစစ်ရေး အဖွဲ့ဖွဲ့ထားလို့ အခွန်နှုန်းမှန်ကန်စွာ ကောက်ယူမည်
မန္တလေးတိုင်းအတွင်းမှာ မြေယာဈေးနှုန်းတွေ ထိန်းချုပ်နိုင်ဖို့ အတွက် အိမ်ခြံမြေစိစစ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး အခွန်မှန်ကန်စွာ ကောက်ယူနိုင်ဖို့အတွက် တရားဝင်ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ် ။‘အဲဒီအဖွဲ့မှာ အခွန် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ပါမယ် ၊ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေပါမယ် ၊ ရပ်ကျေးအုပ်ချုပ်ရေးတွေပါမယ် ၊ သူတို့ဝင်ရောက်စွပ်ဖက်မှာ မဟုတ်ဘူး ၊ နားထောင်မှာ ၊ ဖြတ်တဲ့အခွန်နှုန်းထားက မတော်မသင့်ဘူးထင်မှ ပြောမှာ’ လို့ မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးမြတ်သူက ပြောပါတယ် ။မန္တလေးတိုင်းရဲ့ အိမ်ခြံမြေအခွန်ရာဖြတ်ဈေးနှုန်းတွေဟာ တစ်နိုင်ငံလုံးမှာ အမြင့်မားဆုံးဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်အခွန်ရာဖြတ်ဈေးနှုန်းသတ်မှတ်ချိန်တုန်းကလည်း စံနှုန်းကွာဟမှုတွေ ရှိနေတယ်ဆိုပြီး တင်ပြမှုတွေရှိခဲ့တဲ့အတွက် ယခင်အစိုးရလက်ထက်မှာလည်း မြို့နယ်အလိုက် ပြန်လည်စိစစ်ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ် ။‘အဓိကကတော့ အခွန်ရှောင်တာမျိုးတွေ ၊ မြေပြင်ပေါက်ဈေးထက် ဈေးကြပ်နှုန်းထားက ပိုများနေတဲ့ကိစ္စတွေကို စစ်ဆေးနိုင်ဖို့ပါ ၊ အဲဒီအဖွဲ့တွေကို မြို့နယ်အလိုက်ဖွဲ့စည်းမယ် ၊ မြို့နယ်အဆင့်က စိစစ်ချက်ကို တိုင်းကိုတင်ပြမယ် ၊ တိုင်းက တစ်ဆင့် အစိုးရအဖွဲ့ကို တင်ပြမယ်’ လို့ ဦးမြတ်သူက ပြောပါတယ် ။ယခင်နှစ်က ထွက်ရှိခဲ့တဲ့ အိမ်ခြံမြေအခွန်ရာဖြတ်ဈေးနှုန်းတွေဟာ ကာလပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ များနေလို့ အိမ်ခြံမြေလုပ်ငန်းရှင် အချို့က ဝေဖန်သုံးသပ်ခဲ့ပါတယ် ။Source: The Kumudra
Facebook comments