သိမ်းဆည်းလယ်ယာမြေ ပြန်လည်ရရှိရေးနှင့် တရားမျှတသော လယ်ယာမြေ ပိုင်ဆိုင်ခွင့် ဆုံးဖြတ်ချက် ပေါ်ပေါက်ရေး အုတ်ဖိုမြို့ခံ တောင်သူလယ်သမားများ ဆန္ဒထုတ်ဖော်

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့ခံ တောင်သူလယ်သမားများက သိမ်းဆည်း လယ်ယာမြေ ပြန်လည်ရရှိရေးနှင့် တရားမျှတသော လယ်ယာမြေပိုင်ဆိုင်ခွင့် ဆုံးဖြတ်ချက် ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဇွန် ၂၃  ရက် နံနက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အေးမြသာယာ၊ အုတ်ဖိုတာဆုံနှင့် အုတ်ဖိုမြို့တော်ခန်းမထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ပြီး သိမ်းဆည်းခံ လယ်ယာမြေများ အမြန်ဖြေရှင်းပေးနိုင်ရေး၊ သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ဆောင်ရွက်ပေးပါ၊ လယ်သမားများ တရားစွဲခံ နေရပါသည်။ တရားမျှတသော လယ်ယာမြေ ပိုင်ဆိုင်ခွင့် ဆုံးဖြတ်ချက် ပေါ်ပေါက်ရေး၊ ဥပဒေမဲ့ မြေသိမ်းခြင်း-အလိုမရှိ၊ ဗိုလ်ကြီးဟောင်းများ၏ အဓမ္မမြေသိမ်းမှု-အလိုမရှိ၊ စာသားများပါ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်မှုများကို လယ်ယာမြေ သိမ်းဆည်းခံ တောင်သူ ၅၀ ခန့်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ကတော့ ကျွန်တော်တို့လယ်လေး ပြန်လိုချင်တယ်။ မြို့သစ်စီမံကိန်းဆိုပြီး သိမ်းတယ်။ တကယ်လည်း စီမံကိန်းထဲမှာ မပါဘဲနဲ့ သူ့တို့တပ်က အရာရှိဟောင်းတွေ ရင်းနှီးသူတွေက ယူတယ်။ ပြန်ရောင်းတာတွေလည်း ရှိတယ်။ ကျွန်တော်တို့ ၀င်လုပ်တော့ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲပြီး တချို့က ပြစ်ဒဏ်တွေ တောင်ကျခံ ပြီးသွားပြီ။ ဒါမတရား ပါဘူး။ အချို့က လယ်သမားတွေကို သီးစား အငှားပြန်ချတာတွေလည်း လုပ်တယ်။ ဒါကြောင့်မို့ ဒါတွေကိုသိအောင် ဆန္ဒထုတ်ဖော်ရတာပါ" ဟု လယ်သိမ်းခံတောင်သူ ဦးအေးမြင့်က ပြောကြားသည်။

အဆိုပါ သိမ်းဆည်းခံရသည့် လယ်ယာမြေများမှာ စမ်းကလေး၊ သပြေကုန်း၊ ထောက် ကြံကွင်း၊ ဂုံမင်းချို၊ အင်တိုင်ဘုံတို့မှ တောင် သူလယ်သမား ၇၀ ကျော်ထံမှ လယ်ယာမြေ ဧက ၅၀၀ ခန့်ကို သိမ်းယူခဲ့ခြင်းဖြစ်ပြီး စီမံကိန်းတွင် အသုံးပြုခြင်း မရှိသည့် လယ်ယာ မြေများကို ပြန်လည်တောင်းဆို နေခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

"လယ်သမားတွေက စက်မှုသစ်တော ကြိုးဝိုင်းဧရိယာမှာ တိုးချဲ့စိုက်ထားတာတွေလည်း ရှိပါတယ်။ စီမံကိန်းဧရိယာနဲ့ လွတ်ကင်းတဲ့ လယ်မြေကို ခွဲဝေယူတယ်။ အဲဒါကို ပြန်တောင်းတာပေါ့။ နိုင်ငံတော်အတွက် မဟုတ်ဘဲ သူတို့ကိုယ်ကျိုး အတွက်ဆိုတော့ လယ်သမားတွေက ပြန်တောင်းတာပေါ့။ စစ်တပ်က အရာရှိတွေ၊ ထွေအုပ်နဲ့ နီးစပ်သူတွေက ယူလိုက်ကြတာပေါ့။ ၀ယ်ထားတာ ပြန်ရောင်းစားတာတွေရှိတယ်။ တောင်သူလယ်သမား နှစ်ဖွဲ့ သုံးဖွဲ့လောက် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံရတာရှိတယ်။ တချို့ပြစ်ဒဏ် ချခံပြီးသွားပြီ။ လယ်သမားက ပိုက်ဆံမတတ်နိုင်တော့ ပြစ်ဒဏ်ချပါတော့ဆိုပြီး အရှုံးပေး လိုက်ရတဲ့ သဘောပေါ့" ဟု အုတ်ဖိုမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (EC) အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးကျော်ရှင်းက ပြောကြားသည်။

အဆိုပါ အေးမြသာယာ မြို့သစ်စီမံကိန်းမှာ ရန်ကုန်ကျူးကျော် အိမ်ထောင်စုများအတွက် ခြံတစ်ကွက်နှင့် လယ်တစ်ဧက ပေးနိုင်ရန်အတွက် ၁၉၈၉ ခုနှစ်တွင်သိမ်းယူခဲ့ ခြင်းဖြစ်ပြီး ထိုစဉ်က တာဝန်ကျ တပ်မတော်အရာရှိ အချို့နှင့် အခြားထွေအုပ်နှင့် နီးစပ်သူများက စီမံကိန်း လစ်လပ်မြေများကို ခွဲဝေယူခဲ့ကာ ၀င်ရောက်ထွန်ယက်သော လယ်သမားများကို ပုဒ်မ-၄၄၇၊ ၄၂၇ တို့ဖြင့် အသီးသီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် လက်ရှိတရားရင်ဆိုင် နေရဆဲနှင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် တောင်သူလယ်သမားများ ရှိနေကြောင်း သိရသည်။


Source: Eleven Media

Facebook comments