စမ်းချောင်း အောင်ချမ်းသာရေမြောင်းကြီး ခိုင်ခံ့စွာပြန်လည်ပြုပြင်

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက် ရှိသော အောင်ချမ်းသာရေမြောင်းကြီးမှာ ယခုနှစ်အတွင်း မိုးကြီး မှုအပြင် ပြန်လည်တည်ဆောက်စဉ်က အားနည်းချက်များ ရှိခဲ့မှု ကြောင့် စမ်းချောင်း(တောင်ပိုင်း) ရပ်ကွက် မင်းလမ်းဘက်အခြမ်း ၌ မေ ၂၂ ရက်က ပထမအကြိမ် ပေ ၂ဝဝ ခန့်နှင့် မေ ၂၃ ရက်က ဒုတိယအကြိမ် ပေ ၁၅ဝ ခန့် ပြိုဆင်းမှုတို့ ဖြစ်ခဲ့သည်။
ရေမြောင်းပေါင်များ နှစ်ရက်ဆက် ပြိုဆင်းမှုကြောင့် မြောင်းနှင့် ကပ်လျက်မင်းလမ်းဘက်အခြမ်းရှိ အထပ်မြင့်တိုက် နေသူတို့ စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြသည်။ ပြိုဆင်းသွားသောမြောင်း ပေါင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြုပြင်မှု များကို အမြန်ဆုံး ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဘိုဘိုဦးနှင့် စမ်းချောင်းမြို့နယ် အမှတ်(၂) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဒါအောင်တို့ကလည်း စဉ်ဆက်မပြတ် ကြီးကြပ်ခဲ့သည်။
ဇွန် ၁၈ ရက် နံနက် ၉ နာရီက မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့သည် မြောင်းကြီးပြုပြင်ရာသို့ သွား ရောက်ကြည့်ရှုခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(လမ်း/တံတာ) ဌာနမှူး ဦးတင် မောင်ကြည်၊ ဒုတိယဌာနမှူး ဦးလင်းခိုင်တို့က ပြန်လည်တည်ဆောက်ပေးနေမှုအပိုင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
ဒုတိယဌာနမှူး ဦးလင်းခိုင်က ''မြောင်းပြိုပြီးတဲ့နောက် လုပ်ငန်းအနေနဲ့ ထပ်မံမပြိုဆင်းဖို့အတွက် ပထမ တုတ်ခတ် ခဲ့ပါတယ်။ ပြီးမှ အောက်ခြေအတွက် နှစ်ပေ-ဘိုးတိုင်တွေကို အောက် ၂၅ ပေအထိ ပိုင်ရိုက်သွင်းခဲ့ပါတယ်။ နောက်ပိုင်း ကတ်တွေခံပြီး အာစီကွန်ကရစ်လောင်းခဲ့ပါတယ်။ ကော်လံတိုင် ခုနှစ်ပေကြားစီမှာ သံတိုင်တွေနဲ့စိုက်ပြီး ပြန်ထိန်းထားပါတယ်။ အောက်ခြေကိုလည်း ၁၈ လက်မလောင်းပြီး အပေါ်ယံမျက်နှာ ကို အနည်းဆုံး ၁၄ လက်မထု အာစီလောင်းထားပါတယ်။ ဒါ့အပြင် ရေဆင်းမြောင်းတွေနဲ့ နံရံကရေထွက်ပေါက်လေး တွေကိုလည်း တစ်ပါတည်း ထည့်သွင်းတည်ဆောက်ထားတာ ပါ'' ဟု ရှင်းပြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးနှင့်အတူ ပါလာသည့် ပြင်ပပညာရှင် အငြိမ်းစားအင်ဂျင်နီယာကြီးက လည်း ''စည်ပင်အနေနဲ့ ဒီမြောင်းအတွက် ဒီဇိုင်းကို ပြင်ပ ပညာရှင်ထံက ယူထားတာပါ။ ဒေါက်တာ ဒေါ်တိုးတိုးဝင်းဆီက လို့သိရပါတယ်။ ရထားတဲ့ဒီဇိုင်းပုံစံအတိုင်း အပြည့်အဝဆောင် ရွက်သွားမယ်ဆို အလွန်ကောင်းပါတယ်။ ခိုင်ခံ့မှုအပြည့်အဝ ရှိမှာပါ'' ဟုပြောခဲ့သည်။
ရေမြောင်းကြီးနှင့်ကပ်လျက် စမ်းချောင်းတောင်ပိုင်း ရပ်ကွက် မင်းလမ်းတိုက်အမှတ် (၅၄) မြေညီထပ်တွင် နေထိုင်သူ ဦးအောင်ကိုကိုက ''အခုမြင်တွေ့ရတဲ့အတိုင်းဆို အများကြီး ကောင်းသွားမယ်လို့ ထင်ပါတယ်။ ဘိုးတိုင်တွေ အတော်များများ ချထားတာကို တွေ့ရတယ်။ ဒီအတိုင်းဆို စိုးရိမ်မှုတွေတော့ လျော့ပါးသွားခဲ့ပါပြီ'' ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ''အခုတော့ ဒီမြောင်း ကြီးကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီက စာတွေ၊ သတင်းတွေ ထပ်မလာတော့ပါဘူး။ အခုလိုတည်ဆောက်မှုနဲ့ဆို ရေရှည်မှာ လည်း ကောင်းသွားနိုင်တဲ့အနေအထား မြင်တွေ့နေကြပါပြီ'' ဟု ဆိုသည်။ ရေမြောင်းကြီး ပြန်လည်ပြုပြင်မှုများ မကြာမီ ပြီးစီးတော့မည်ဖြစ်ပြီး မြောင်းပေါင်များပေါ်၌ လုံခြုံရေးအရန် အတား အုတ်မြစ်စီသံတန်းများကိုပါ တပ်ဆင်နေကြသည်ကို တွေ့ရသည်။

Source: MOI Webportal Myanmar

Facebook comments