ရက် ၁၀ဝ စီမံချက်အရ မြေငှားစာချုပ် ၄၅ ရက်အတွင်း ထုတ်ပေးနေ

ရက် ၁၀ဝ စီမံချက်နဲ့ မြေစီမံခန့်ခွဲမှုတွေမှာ မြေငှားစာချုပ် ထုတ်ပေးမှုကို ၄၅ ရက်အတွင်း ပြီးပြတ်အောင် လုပ်ဆောင်ပေးမှု ပါဝင်တာကြောင့် အမည်ပေါက်ပြောင်း ပြုလုပ်သူတွေနဲ့ စုံစမ်းသူတွေ များလာတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက “တချို့က အမည်ပေါက်(မြေငှားစာချုပ်) လျှောက်ချင်တယ်၊ အခွန်မတတ်နိုင်သေးတာ၊ လျှောက်ထားတဲ့အခါမှာ လုပ်ရတဲ့ ပုံစံတွေ မသိတာ၊ ပွဲစားတွေနဲ့ လျှောက်တာတွေ ရှိကြတယ်၊ကိုယ်တိုင်လည်း လျှောက်ရင် မြန်တယ်ဆိုတာကို သိစေချင်တာ”လို့ ပြောပါတယ်။

ရက် ၁၀ဝ စီမံချက်ထဲမှာ ရက် ၁၀ဝ အတွင်း မြေငှားစာချုပ် ထုတ်ပေးတာကို ၄၅ ရက်အတွင်း ပြီးပြတ်အောင် ဝန်ဆောင်မှုအဖြစ် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှာ ပြည်သူ့
ဝန်ဆောင်မှုဌာနစိတ် ဖွင့်လှစ်ပြီး ပါမစ်၊ မြေငှားစာချုပ်၊ ပျောက်ဆုံးလျှောက်ထားမှုကို မိတ္တုမှန် ထုတ်ပေးတာ၊ နေအိမ်ဆောက်လုပ်မှုအတွက် မြေတိုင်းတာမှု၊ မြေရာဇဝင် ကူးရေးဆွဲတာ စတာတွေကိုလည်း လုပ်ဆောင်ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

သာမန် မြေငှားစာချုပ်ပြုလုပ်ရင် ၆ လ၊ ၁ နှစ်လောက် စောင့်ရတာကြောင့် သည်ရက်ပိုင်းတွေမှာ လျှောက်ထားဖို့ စုံစမ်းသူတွေ၊ ပြုလုပ်သူတွေ ရှိလာတာလို့ သိရပါတယ်။

မြေငှားစာချုပ်လျှောက်ထားဖို့ အနည်းဆုံး မြေအကျယ်က ပေ ၂၀ × ပေ ၆၀ ပြည့်ရမှာ ဖြစ်တယ်။ ခွဲစိတ်ရောင်းချဝယ်ယူထားတဲ့ သူတွေကိုတော့ သီးခြားဂရန်မဟုတ်ဘဲ ပိုင်ဆိုင်သူအားလုံးရဲ့ အမည်နဲ့ ထုတ်ပေးတယ်လို့ သိရတယ်။ ပါမစ် မရှိ၊ ပြေစာ မရှိ၊ ကျူးကျော်နဲ့ နိုင်ငံခြားသားအမည်ပေါက် မြေတွေနဲ့ အစိုးရပိုင် မြေတွေကိုတော့ မထုတ်ပေးဘူးလို့ ပြောပါတယ်။

မြေငှားစာချုပ် ထုတ်ပေးတာက မူလအမည်ပေါက်ကိုယ်တိုင်က ပါမစ်တင်ပြပြီး လျှောက်ရင် ထုတ်ပေးတယ်။ အမွေစား၊အမွေခံ ဖြစ်ရင် အမွေဆက်ခံခွင့်နဲ့ ပတ်သက်တဲ့ အထောက်အထားပြနိုင်ရင် ထုတ်ပေးတယ်။ ရောင်းချထားတဲ့သူတွေဆို အဆင့်ဆင့်ပိုင်ဆိုင်မှုနဲ့ အဆက်အစပ် ရှိသူတွေကို ထုတ်ပေးပါတယ်။ တရားရုံးအနိုင်ဒီဂရီတွေ တင်ပြတာမျိုးရှိရင် မှန်ကန်ကြောင်း စိစစ်ပြီး ထုတ်ပေးတယ်လို့ သိရပါတယ်။

ဂရန်သစ် လျှောက်ထားတာ၊ မိတ္တူ လျှောက်ထားတာ၊ သက်တမ်းတိုး လျှောက်ထားတာနဲ့ အမည်ပြောင်း လျှောက်ထားတာတွေမှာ ကန့်ကွက်ရန် ရှိ၊မရှိ ကြေညာတာ၊ Objection စာရွက် ၃ စောင်ကို အမှုတွဲဖွင့်ပေးတဲ့ဌာနစုမှာ ထုတ်ရတယ်။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ၁ စောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ၁ စောင် ကြော်ငြာကပ်ရမှာတွေကို လက်မှတ်ရေးထိုးပြီး ရန်ကုန်မြို့တော်ခန်းမရှိ ရုံးအဖွဲ့ကို ၁ ရက်အတွင်း ပြန်အပ်နှံရမှာ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် ရက်ပေါင်း ၃၀ ကြာရင် သွားရောက်ထုတ်ယူလို့ ရတာပါ။ ဒါကတော့ပုံမှန်လုပ်ငန်းစဉ်အရ ပြုလုပ်ရတဲ့အချက်တွေ ဖြစ်တယ်လို့ ဦးကျော်စွာက ရှင်းပြပါတယ်။

ကြန့်ကြာတာက လျှောက်ထားတဲ့မြေကွက်ကို ကန့်ကွက်ထားတာ၊ တားဝရမ်း ကပ်ထားတာ၊ စာချုပ်စာတမ်းအဆက်အစပ် မတင်ပြနိုင်တာ၊ ဘဏ်ချေးငွေမှာ မှတ်ချက်ရှိနေတာ စတဲ့ အချက်တွေရှိနေရင် သတ်မှတ်ရက်အတွင်း မထုတ်ပေးဘဲ ဖြေရှင်းပြီးမှ ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Source: Kumudra News

Facebook comments