မိုးတွင်းကာလ ဆောက်လုပ်ရေးရပ်နားတာချီလိတ်နယ်စပ် အိမ်ဆောက်ပစ္စည်းတင်သွင်းမှု ကျဆင်း
ရှမ်းပြည်နယ်အတွင်း မိုးရာသီကာလ အိမ်ဆောက်လုပ်ငန်းတွေ ရပ်နားထားတာကြောင့် တာချီလိတ်က ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေတင်သွင်းမှု မေလနောက်ဆုံးပတ်က စတင်ပြီး ကျဆင်းလာကြောင်း တာချီလိတ် ကုန်သည်ကြီးများအသင်းက သိရပါတယ် ။‘ကျွန်တော်တို့ ရှမ်းတွေမှာ အယူရှိတယ် ၊ ဝါတွင်းကာလတို့ မိုးရာသီတို့ဆိုရင် အိမ်အသစ်ဆောက်တာမရှိဘူး ၊ ဒါကြောင့် ဘိလပ်မြေ တင်သွင်းမှုကတော့ နှစ်တိုင်း ဒီအချိန်ဆို ကျဆင်းနေကျပါ ၊ ဘိလပ်မြေတစ်ခုတည်းတော့ မဟုတ်ဘူး ။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအကုန်လုံး သွင်းကုန်ကျဆင်းတာပေါ့’ လို့ တာချီလိတ်နယ်စပ်ကုန်သည်များအသင်း ဒုဥက္ကဌ ဦးစိုင်းစိုင်းက ပြောပါတယ် ။ပွင့်လင်းရာသီမှာ အိမ်ဆောက်ပစ္စည်းတွေအနက် ဘိလပ်မြေ တင်သွင်းမှုက တစ်ရက်ကို ဘိလပ်မြေအိတ် ၅၀၀၀ ကျော်ရှိပေမဲ့ အခုမိုးရာသီကာလအတွင်း တစ်ရက်ကို ဘိလပ်မြေအိတ် ၅၀၀ နဲ့ ၁၀၀၀ ကြားသာရှိပါတယ် ။ အခြားဆောက်လုပ်ရေးသုံးပစ္စည်းတွေမှာလည်း တင်သွင်းမှုကျဆင်းနေကြောင်း သိရပါတယ် ။ထိုင်းက အများဆုံးတင်သွင်းတဲ့ ကုန်ပစ္စည်းတွေမှာ လောင်စာဆီ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနဲ့ လယ်ယာသုံးပစ္စည်းအများဆုံးဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ထိုင်းနိုင်ငံက သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၆၄.၉၂၉ သန်းရှိကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ စာရင်းအရသိရပါတယ် ။Source: The Modern
Facebook comments