ရန်ကုန်မြို့ မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ပြည့်နှစ် ပါ စီမံကိန်းများဖြစ်ပြီးဦးစားပေး (၁) မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် လှည်းကူးမြို့နယ် ကြားရှိ မြေဧက တစ်သောင်းကျော်ရှိသည့်ဧရိယာတွင် အရှေ့မြောက်ပိုင်းအမည်ဖြင့် မြို့သစ်တည်ဖြစ်သည်။
ပထမဦးစားပေး (၁) ဖြစ်ရခြင်းမှာ လန (၃၉) ကျပြီးသော မြေနေရာဖြစ်ပြီး လူဦးရေးသိပ်သည်းမှု နည်းပါးခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် သီလဝါ အထူးစီးပွားရေးဇုန် နှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြား ကုန်စည်ပို့ဆောင်ရေးအရ အချက်အချာနေရာတွင် ရှိခြင်း၊ လက်ရှိ အကောင်အထည်ဖော်ဆဲ လဂွန်းပြင် ရေသန့်စင် စက်ရုံ စီမံကိန်းက ရေဖြန့်ဖြူးပေးနိုင်ခြင်း တို့ကြောင့် ဖြစ်သည်ဟု မြို့တော်ဝန်ဦးလှမြင့်က အဆိုပါ မဟာဗျူဟာ စီမံကိန်းကို လွှတ်တော်၌ တင်သွင်းစဉ် ပြောကြားခဲ့သည်။
ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ် လျာထားရာ နေရာသည် လက်ရှိတွင် ကျေးရွာ အချို့နှင့်လယ်မြေများ၊ လုပ်ငန်းလုပ်ကိုင်မှု နည်းပါးသေးသည့် စက်မှုဇုန်လေးခုနှင့် အိမ်ရာတစ်ခုစသည်တို့သာရှိပြီး ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့် နေရာသာဖြစ်သည်။ စီမံကိန်းနေရာသို့စတင်ဝင်ရောက်သည့်နေရာတွင်မူ လွန်ခဲ့သည့်၁၈ နှစ်ခန့်ကပင် အကောင်အထည်ဖော်နေသောဒီဇင်ဘာဘောဂသီရိအိမ်ရာ တစ်ခုရှိပြီး လက်ရှိတွင် တန်းဖိုးနည်းတိုက်ခန်းများကို ဆောက်လုပ်လျက်ရှိကြောင်း အဆိုပါ မြို့သစ်စီမံကိန်းအတွင်းပါရှိသည့်ကျေးရွာဒေသခံများက ပြောသည်။ "ဒီအိမ်ရာကြီးက တော်တော်ကြာပါပြီ။ ၁၉၉၇ ခုနှစ်လောက်ကတည်းက ရှိခဲ့တာ အစိုးရနဲ့ ကုမ္ပဏီနဲ့ ပေါင်းဆောက်တယ်လို့ တော့ ပြောကြတယ်။ ဒါပေမဲ့ ဒီဘက်က ခေါင်တော့လူသိပ်မနေဘူး။ အခုတော့ အဲဒီ မှာ တိုက်ခန်းတွေ ဆောက်နေတာတွေ့တယ် တန်ဖိုးနည်းတိုက်ခန်းတွေလို့ ကြားတယ်" ဟု ယင်းမြို့သစ်ဧရိယာအတွင်းတွင် ပါဝင်သည့်ညောင်ပင်သာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
သို့သော် အရှေ့မြောက်ပိုင်းမြို့သစ်တည် ရန် တိုင်းဒေသကြီးအစိုးရက အတည်ပြုပြီးသည့် ဇွန်၁၉ ရက် နောက်ပိုင်းတွင် အဆိုပါဒေသများ၏ အိမ်ခြံမြေ ဈေးနှုန်းများမှာ ရုတ်ချည်းလှုပ်ခတ်၍ လာရောက်ဝယ်ယူသူ အများအပြား မရှိခဲ့သော်လည်း လယ်မြေများ နှင့် ကျေးရွာတွင်းရှိမြေအများအပြားမှာ ရောင်းပြီးဖြစ်ကြောင်း အဆိုပါမြို့သစ် အဆုံး သတ်နေရာတွင်ရှိသော သရက်ပင်ချောင်ကျေးရွာက အိမ်ခြံမြေပွဲစား လုပ်ကိုင်သူ ဦးသန်းလွင်က ပြောသည်။ "ဒီရက်ထဲအရောင်းအဝယ် နည်းနည်း ပါးနေတယ်။ ဒါပေမဲ့ ဒီနေရာတွေက လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက လာဝယ်တဲ့သူတွေရှိနေတာ။ ဒီက လယ်ရော ရွာထဲ က မြေတော်တော်များများတောင်ရောင်းကုန်နေပြီ။ တချို့ဆို လယ်သမားတွေဆီက ဝယ်ထားတဲ့ပိုင်ရှင်တွေက ဈေးပိုရလို့ တခြားဝယ်လက်တွေကို ပြန်ရောင်းတာတောင်ရှိတယ်" ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ မြေများလာရောက်ဝယ်ယူသူ အများစုမှာ ရှမ်းတရုတ်လုပ်ငန်းရှင်များ၊ ဝန်ကြီးများ၏ ကိုယ်ရေးအရာရှိများနှင့်အငြိမ်းစားဗိုလ်ချုပ်ကြီးများ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း အဆိုပါ
စီမံကိန်းနယ်မြေများကို နိုင်ငံခြားသားများ၊ အစိုးရနှင့် နီးစပ်သူများက ကြိုတင် ဝယ်ယူမှုများရှိနေကြောင်းဇွန် ၁၉ ရက်က လွှတ်တော်၌ ဆွေးနွေးစဉ် ပြောကြားသည်။ "ဒီစီမံကိန်း ခုနစ်ခုလုံးမှာ မြို့သစ်လုပ်မှာကြိုသိထားလို့ ကြိုဝယ်ယူထားမှုတွေ ရှိနေပါတယ်။ သတင်းအချက်ကို ဦးစွာသိရှိသူကဒီသတင်းကိုသုံးပြီးကိုယ်တိုင်သို့မဟုတ်သူတစ်ပါးကိုပေးအပ်ပြီးတရားမဝင်အကျိုး မြတ်ရရှိရေးအတွက်ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ထိန်းချုပ်ရန် ပြုလုပ်ခြင်းသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးပုဒ်မ ၅ နဲ့ငြိစွန်းတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တွေက၊ အစိုးရအဖွဲ့တွေက ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်မှုမရှိဖို့ အလွန်အရေးကြီး ပါတယ်"ဟု ၎င်းကဆိုသည်။ ရန်ကုန်အရှေ့မြောက်ပိုင်းစီမံကိန်းနယ်မြေရှိ မြေဈေးနှုန်းများမှာလည်း ယင်းဒေသ တွင် ၂၀၁၃ ခုနှစ်မှစတင်ကာ ဈေးကွက်ကောင်းမွန်လာခဲ့ပြီး လက်ရှိအချိန်တွင် တစ်ဧကလျှင် ကျပ်သိန်း ၅၀ ခန့်ရှိပြီး ကျေးရွာ အတွင်းက မြေများမှာကျပ်သိန်း ၃၀၀ ခန့် ရှိကာ စက်မှုဇုန်မြေများမှာမူ ပေ ၂၀၀ ပတ်လည် တစ်ကွက်လျှင် ကျပ်သိန်း၁,၅၀၀ ခန့်ရှိကြောင်း ဦးသန်းလွင်က ပြောသည်။
ဈေးကွက် စတင်ကောင်းမွန်သည့် အချိန် သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့်ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းကာ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို စတင်ရေးဆွဲနေသည့် အချိန် ဖြစ်သောကြောင့် ထိုအချိန်ကတည်းက မြေကွက်များ လိုက်လံဝယ်ယူနေမှုများသည် အစိုးရအဖွဲ့နှင့် နီးစပ်သူများသာ ဖြစ်နိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က သံသယရှိနေကြသည်။
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ စီမံကိန်းနယ်မြေအတွင်းပါသည့် လယ်မြေများကိုလျော်ကြေးအဖြစ် တစ်ဧကလျှင် ငွေကျပ် သိန်း ၅၀ နှင့် အခြားမြေများကို တစ်ဧကလျှင်ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ပေးရန်သတ်မှတ်ထားပြီး အဆိုပါ ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ် စီမံကိန်းအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ် ၄၉၁ ဒသမ ၂၃ ဘီလျံဖြစ်သည်။ "လျော်ကြေးကို တစ်ဧက သိန်း ၅၀ သိန်း ၁၀၀ နှုန်းပဲ ပေးမယ်ဆိုရင် ဘယ် လယ်မြေပိုင်ရှင်ကမှမြို့မြေဖြစ်တဲ့ကိုယ့်မြေ ကို အသိမ်းခံချင်မှာမဟုတ်ဘူး။ အဲဒီအခါ ကျရင် စီးပွားရေးသမားတွေမြေကစားတဲ့ သူတွေသတ်မှတ်တဲ့ဈေးနဲ့ပဲ သူတို့ရဲ့ လယ် မြေယာမြေတွေကို ပေးလိုက်ရမှာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဒေသခံတွေက လယ်မဲ့ယာမဲ့အိမ်မဲ့အခြေအနေကို ရောက်သွားမှာဖြစ်ပါတယ်"ဟု ဒေါ်ညိုညိုသင်းက လွှတ်တော်တွင်း ကန့်ကွက်ဆွေးနွေးခဲ့သည်။
မဟာဗျူဟာစီမံကိန်း၏ ရင်းနှီးမြုပ်နှံမှု နှင့် ပြန်လည်ရရှိနိုင်မှု ခန့်မှန်းချက်အရ မြေ အတွက်ပြန်လည်ရရှိနိုင်မှုမှာ စီးပွားရေးအဆောက်အအုံများအတွက်နှင့် အထပ်မြင့် အဆောက်အအုံတို အတွက်မှာ အိမ်ရာမြေ များထက် အဆပေါင်းများစွာဖြစ်သောကြောင့် တစ်ဧကလျှင် မြေဧကတန်ဖိုးအနည်းဆုံး ကျပ်သိန်း ၂,၈၀၀ ခန့် ဖြစ်သည်။ ယခုအချိန်တွင် စီမံကိန်းမြေများ ဝယ်ယူ နိုင်ရန်မှာ အလွန်ပင်ခက်ခဲနေပြီး ကြိုတင် ဝယ်ယူမှုများ ရှိခဲ့သောကြောင့် စီမံကိန်း စတင် ဖော်ဆောင်ရန်
အချိန်ရောက်လာသည့်အခါ လျော်ကြေးပေးသည့်ဈေးထက် ပြင်ပပေါက်ဈေး များမှာ မြင့်မားလာနိုင်
သည့်အတွက် အစိုးရ က မြေဈေးများ မြင့်မားလာမှုမရှိစေရန် ထိန်းချုပ်ဖို့ လိုအပ်နေသည်။
Source: The Myanmar Times