မြန်မာ့ အိမ်ခြံမြေဈေးကွက် ရေစီးကြောင်းမှာ အပြိုင်အဆိုင်ကူးခတ်နေတဲ့ စင်ကာပူ ရေကူးမယ်ဟောင်း

ဒက်ဖနီတီယိုဟာ စင်ကာပူလက်ရွေးစင်ရေကူးမယ်ဟောင်း တစ်ယောက် ဖြစ်ပါတယ်။ အခုတော့ သူဟာ မြန်မာ့စီးပွားရေး နယ်ပယ်ရဲ့ စိန်ခေါ်မှု လှိုင်းလုံးတွေထဲမှာ ကျင်လည်ကူးခတ်ဖို့ ပြင်ဆင်နေပါပြီ။

အလားအလာ ခန့်မှန်းဖို့ ခက်ခဲနေတဲ့ ဈေးကွက်အသစ်တစ်ခုမှာ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ဆိုတာဟာ အရဲစွန့်ရမယ့် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒက်ဖနီဟာ အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုတွေနဲ့ စိမ်းနေတဲ့သူတော့ မဟုတ်ဘူး။ အခုအချိန်မှာတော့ သူဟာ D3 Capital ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုဌာန အကြီးအကဲအဖြစ် တာဝန်ယူနေပါပြီ။ ပြီးတော့ မြန်မာနိုင်ငံမှာ အမြင့်ဆုံး မိုးပျံတိုက်တွေအဖြစ် စာရင်းဝင် လာမယ့်အဆင့်မြင့် အိမ်ရာစီမံကိန်းတစ်ခုကို ကြီးကြပ်ညွှန် ကြားနေပါတယ်။

Golden City လို့ နာမည်ပေးထားတဲ့ ဆောက်လုပ်ရေးပရောဂျက်ဟာ ရန်ကုန်မြို့တော်ရဲ့ နာမည်ကျော် အင်းလျားကန်နဲ့ ရွှေတိဂုံစေတီတော်တို့ အနီးမှာ တည်ရှိပါတယ်။ ဘက်စုံသုံးအိမ်ရာစီမံကိန်း တစ်ခုဖြစ်တာကြောင့် လူနေတိုက်ခန်းတွေ၊ ရုံးခန်းတွေ၊ ဟိုတယ်တစ်လုံး၊ ဆိုင်ခန်းတွေ အပြင် စတုရန်းပေတစ်သိန်းလောက်ကျယ်ဝန်းတဲ့ ဥယျာဉ်တစ်ခုလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒီပရောဂျက်ကို အဆင့်မြှင့် တည်ဆောက်တဲ့ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာသန်း ၇၀၀ လောက် ရှိနိုင်တယ်။ ၂၀၁၈ မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ အဆုံးသတ်သွားရင် ၃၃ ထပ် မျှော်စင်အဆောက်အအုံ ၁၀ လုံးနဲ့ ခြောက်ထပ်တိုက်တစ်လုံးတို့ ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပါလိမ့်မယ်။

‘‘ဒီမြေနေရာမှာ ပရောဂျက်တည်ဆောက်ခွင့်ရမယ်ဆိုတာကို သိလာကတည်းက ဒါဟာ တစ်သက်မှာ တစ်ခါလောက်ပဲ ရနိုင်မယ့် အခွင့်အရေးဆိုတာ သဘောပေါက်ခဲ့တယ်’’ လို့ ဒက်ဖနီက ဆိုပါတယ်။

သူကိုယ်စားပြုတဲ့ D3 Ca-pital ကုမ္ပဏီဟာ စင်ကာပူမှာ အခြေစိုက်ပြီး ဒက်ဖနီရဲ့ မိသားစုက အဓိက ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့က ပရောဂျက်ကိုတော့ သူ့ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု ခြေလှမ်းသစ်တစ်ခုအဖြစ် ဒက်ဖနီက ရည်ရွယ်ထားတယ်။

ဒက်ဖနီရဲ့ ဖခင်လည်းဖြစ်၊ D3 Capital ရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ တီယိုချန်ကွီဟာ အဲဒီကုမ္ပဏီကို စတင်ထူထောင်ခဲ့သူပါ။ သူဟာ ရထားလမ်းအခြေခံ အဆောက်အအုံကဏ္ဍနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းကြီးဖြစ်တဲ့ Sapphire ကော်ပိုရေးရှင်းမှာ အမှုဆောင် ချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပြီး လက် ရှိအချိန်ထိလည်း အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာ တစ်ယောက်အဖြစ် ရှိနေပါတယ်။ D3 Capital ဟာ Golden City ဆောက်လုပ်ရေး ပရောဂျက်ရဲ့ နောက်ကွယ်က ဦးစီးမယ့် မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီခွဲတစ်ခုကို ထူထောင်ခဲ့ပါတယ်။ ပြီးတော့ အဲဒီကုမ္ပဏီ ရဲ့ အဓိက ရှယ်ယာရှင်အဖြစ် လည်း ရပ်တည်နေတယ်။

Asia One Business နဲ့ အင်တာဗျူးဖို့ ချိန်းဆိုထားတဲ့ နေရာကို ဒက်ဖနီက ကျော့ကျော့ရှင်းရှင်း ဟန်ပန်နဲ့ ရောက်လာပါတယ်။ မနက်စောစောဆိုပေမယ့် ဆံပင်ဖြီးလိမ်းပြင်ဆင်မှု၊ မိတ်ကပ်လိမ်းခြယ်မှုတွေအားလုံး ပြီးပြည့်စုံအောင် စီမံလာနိုင်တယ်။ အသက် (၃၃) နှစ်အရွယ်ထက် ထက်မြက်မြက် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးဟာ အရင်က Goldman Sachs မှာ ဘဏ်လုပ်ငန်းရှင်တစ်ယောက်အဖြစ် အတွေ့အကြုံယူ ဖြတ်သန်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်မှာတော့ မိသားစုစီးပွားရေးနယ်ပယ်ထဲ ခြေစုံပစ် ဝင်ရောက်လာခဲ့တယ်။

‘‘ဖေဖေ့ကို တချို့ပရောဂျက်တွေမှာ ကျွန်မအနေနဲ့ သေချာပေါက် အကူအညီပေးနိုင်မယ်ဆိုတာ သိနေခဲ့တယ်။ ဒါပေမဲ့ ကျွန်မကိုယ်ပိုင်အလုပ်တွေ အစပြု အကောင်အထည် ဖော်ချင်တယ်ဆိုရင်တော့ သင်ယူမှုတွေ ပိုပြီးလိုအပ်ဦးမယ်လို့ တွေးမိခဲ့တယ်လေ’’ လို့ ဒက်ဖနီက ဆိုတယ်။

ဒီအမျိုးသမီးဟာ အားကစားနယ်ပယ်မှာ ထူးချွန်ခဲ့သလို Purdue တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ကိုလည်း ရယူထားနိုင်တဲ့ ခေတ်ပညာတတ်တစ်ယောက်ပါ။ စတန်းဖို့ဒ် တက္ကသိုလ်မှာလည်း ဘွဲ့လွန်သင်တန်း အောင်မြင်ထားပါသေးတယ်။

‘‘မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့သဘောသဘာဝကို သေချာသိအောင် လေ့လာပြီးတဲ့ အချိန်မှာတော့ ဒါဟာ ကျွန်မအတွက် တစ်သက်မှာ တစ်ခါပဲရမယ့် အခွင့်အရေးလို့ သဘောပေါက်လာခဲ့တယ်’’ လို့လည်း သူက တက်တက်ကြွကြွ ပြောပြပါတယ်။

ဒက်ဖနီက ဖခင်နဲ့အတူ မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်မှာ ပထမဆုံးရောက်ဖူးခဲ့တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို ပြန်ပြီးတံခါးဖွင့် လက်ခံပေးခဲ့တဲ့ ကာလမျိုးပေါ့။

‘‘မြန်မာနိုင်ငံသားတွေက တန်ဖိုးကြီးအမှတ်တံဆိပ် အသုံးအဆောင်တွေကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အရင်တုန်းကဆိုရင် ဒါတွေကို ဝယ်ယူဖို့ စင်ကာပူတို့၊ ထိုင်းတို့ထိ သွားရတယ်လေ’’ လို့ ဒက်ဖနီက ဆိုတယ်။

Golden City ပရောဂျက် ဟာ အောင်မြင်မှုတွေ ပိုင်ဆိုင်နေကြောင်း ရုပ်လုံးပေါ်လာပါ ပြီ။ ဒါပေမဲ့ ဒီအောင်မြင်မှုတွေက သူ့အတွက် အစပဲ ရှိသေးတယ်လို့လည်း ဒက်ဖနီက ခပ်ကြွား ကြွားလေး ပြောပါသေးတယ်။ အခုတော့ ဒက်ဖနီဟာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်မှာ အင်မတန် ထူးကဲကောင်းမွန်တဲ့ အလားအလာတွေ ရှိနေတယ်ဆိုတာကို လက်တွေ့သိမြင်သွားပါပြီ။ ကုမ္ပဏီဟာ ဒီနယ်ပယ်မှာ နောက်ထပ် ပရောဂျက်တွေ ရင်းနှီးမြှုပ် နှံဖို့ အသင့်ဖြစ်နေပြီ။ ဒါ့အပြင် တခြားစီးပွားရေး နယ်ပယ်တွေထဲလည်း ဝင်ရောက်နိုင်မယ့် အခွင့်အလမ်းတွေကို ရှာဖွေနေပါတယ်။‘‘၂၀၁၂ တုန်းက မြန်မာနိုင်ငံကို ကျွန်မတို့ သွားခဲ့တော့ လူတော်တော်များများက ကျွန်မတို့ ကို ရူးနေသလားဆိုတာမျိုး သဘောထားခဲ့ကြတယ်။ မြန်မာ နိုင်ငံရဲ့စီးပွားရေးက ပြန်တံခါးဖွင့်လိုက်ပြီ။ ဒါပေမဲ့ အင်မတန် စွန့်စားရမယ်လို့ လူတိုင်းက တွေးနေတယ်’’ လို့ ဒက်ဖနီက ပြော ပြတယ်။

‘‘ကျွန်မ နောင်တရတာ တစ်ခုကတော့ အဲဒီတုန်းက ဒီထက်ပို ကြီးကြီးမားမား အရဲစွန့်လိုက်တာမျိုး မလုပ်မိတာပါပဲ။ အခု ကြည့်စမ်း။ မြန်မာနိုင်ငံရဲ့ အနေအထားက ဘယ်လောက်တိုး တက်လာသလဲ။ ဘယ်လောက် ကျယ်ပြန့်လာသလဲ။ အမှန်ဆိုရင် အဲဒီတုန်းက ဘဏ်ချေးငွေတွေ ထပ်ယူပြီး မြေတွေဝယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားသင့်တာ။ အခုအချိန်နဲ့ ယှဉ်ကြည့်ရင် မြေဈေးက ၁၀ ကနေ ၁၅ ရာခိုင်နှုန်း လောက် သက်သာနေသေးတယ် လေ။ မြန်မာနိုင်ငံက အများကြီး ပြောင်းလဲသွားတယ်။ ပြီးတော့ အလားအလာတွေ၊ အခွင့်အလမ်း တွေ အများကြီးလည်းရှိနေတယ်။ ကျွန်မအနေနဲ့ စူးစမ်းရှာဖွေရမယ့် တခြားစီးပွားရေး နယ်ပယ်တွေလည်း အများကြီးရှိနေတုန်းပဲ’’ လို့ သူက အလေးအနက် မှတ်ချက်ပေးပါတယ်။

သူ့ရဲ့ လူငယ်ဘဝကို ရေကူးအားကစားမယ် တစ်ယောက်အနေနဲ့ ဖြတ်သန်းကုန်လွန်စေခဲ့ ခြင်းက ဇွဲနပဲကြီးသူတစ်ယောက် အဖြစ် စိတ်ဓာတ်ရေးရာ ပုံသွင်းတည်ဆောက်ပြီးသား ဖြစ်သွားစေတယ်လို့လည်း ဒက်ဖနီက သုံးသပ်ခဲ့ပါတယ်။ သူ့အသက် (၃) နှစ် ကတည်းက ရေစကူးခဲ့တာပါ။ (၆) နှစ်အရွယ်မှာတော့ စင်ကာပူလက်ရွေးစင်အဆင့်မှာ ကိုယ်စားပြု ယှဉ်ပြိုင်နေပါပြီ။

‘‘အဲဒီလို အသက်ငယ်ငယ်လေးကတည်းက အရှုံးနဲ့ ပတ်သက်ရင် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို တန်ဖိုးကြီးကြီး အတွေ့အကြုံကောင်းတွေ သင်ယူနိုင်ခဲ့တယ်။ ရှင်ရှုံးနိုင်တယ်။ ရှုံးရင် ငိုလိမ့်မယ်။ အဲဒီအခါ မိဘတွေက မငိုပါနဲ့လို့ ပြောမယ်။ ပိုကောင်းတဲ့ အားကစားသမားတစ်ယောက် ဖြစ်လာအောင် ကြိုးစားဖို့ တိုက်တွန်းမယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်။ အောင်မြင်ဖို့ တခြား နည်းလမ်းတစ်ခုကို ရှာရမယ်လေ’’ လို့ သူက ပြောပါတယ်။

ဒက်ဖနီဟာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာလည်း ဝင်ယှဉ်ပြိုင်ခဲ့တယ်။ အသက် (၁၄) နှစ် အရွယ်မှာတင် ဆီးဂိမ်း ကြေးတံဆိပ်ဆုရခဲ့တယ်။ ဒါ့အပြင် ဓနသဟာယနိုင်ငံများ အားကစားပြိုင်ပွဲ၊ လူငယ်အိုလံပစ် ပြိုင်ပွဲတွေကိုလည်း စင်ကာပူကိုယ် စားပြု သွားရောက်ခဲ့တယ်။ ဒါပေမဲ့ အသက် (၁၆) နှစ် အရွယ်မှာတော့ ပညာရေးကို ပိုပြီး အာရုံစိုက်ဖို့အတွက် ပရော်ဖက်ရှင်နယ် ရေကူးမယ်ဘဝကို ကျောခိုင်းလိုက်ပါတယ်။

‘‘ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နေဖို့ ကျွန်မက တစ်ကမ္ဘာလုံး နေရာအနှံ့သွားနေခဲ့ဖူးတယ်။ တကယ်တော့ ရေကူးအားကစားဟာ ကျွန်မအတွက် တံခါးချပ်ပေါင်းများစွာကို ဖွင့်ပေးခဲ့တာပဲ’’ လို့လည်း ဒက်ဖနီက ဆိုတယ်။

ဒက်ဖနီဟာ မောင်နှမ သုံးယောက်ရှိတဲ့အနက် တစ်ဦးတည်းသော မိန်းကလေးပါ။ အခုတော့ အိမ်ထောင်လည်းကျနေပါပြီ။ ကိုယ်ပိုင်စီးပွားရေး နယ်ပယ်တစ်ခု ထူထောင်နေသလို ကိုယ်ပိုင် မိသားစုလေးတစ်ခု ပိုင်ဆိုင်ဖို့ကိုလည်း သူက ရည်မှန်းထားပါသေးတယ်။

‘‘ကလေးလေးတွေ မွေးပြီး မိသားစုလေးတစ်ခု ရုပ်လုံးပေါ်လာဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ကျွန်မက ခဏခဏ ခရီးထွက်ရတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကိုပေါ့။ ဒီတော့ အလုပ်သဘောအရတော့ ဒီကိစ္စအတွက် အဟန့်အတားလို ဖြစ်နေတုန်းပါပဲ’’ လို့ ဒက်ဖနီက ပြောပါတယ်။

Source: 7daydaily

Facebook comments