တောင်သူနဲ့ စည်ပင်ကြား ပွဲစားတွေ ၀င်မပါပါနဲ့
နေပြည်တော်မှာ တောင်သူနဲ့ စည်ပင်အရှုပ်အရှင်းဖြစ်တဲ့ ကြားထဲကို အိမ်ခြံမြေပွဲစားတွေ ၀င်ရောက်ပြီးပြဿနာဖြေရှင်းမှုမလုပ်ဖို့ အိမ်ခြံမြေအကျိုးဆောင်အနေနဲ့ သတိပေးတားမြစ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။နေပြည်တော်မှာဖြစ်နေတဲ့ မြေယာအရှုပ်အရှင်းပြဿနာထဲကို ပွဲစားတွေအနေနဲ့ ၀င်ရောက်စွတ်ဖက်ပြီး ဖြေရှင်းတာမျိုး မလုပ်မိဖို့နဲ့ တောင်သူတွေနစ်နာကြေးတောင်းတဲ့ အခါမှာ ကိုယ်ကခေါင်းဆောင်ပြီး နစ်နာကြေးတောင်းပေးတာတွေမလုပ်ဖို့ အဓိကဆွေးနွေးဖြစ်ခဲ့တယ် လို့ နေပြည်တော်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက အတွင်းရေးမှုး ဦးကျော်စွာမြင့်က ပြောပါတယ်။ရန်ကုန်၊မန္တလေး၊ပဲခူး၊ပြင်ဦးလွင် အစရှိတဲ့ မြို့ကြီးတွေမှာ မြေယာအရှုပ်အရှင်း ကျူးကျော်ဝင်ရောက်နေထိုင်မှုတွေကို ဖြေရှင်းတဲ့အခါမှာ ပွဲစားတွေကပါ ၀င်ရောက်ညှိ့နှိုင်းကြတာကြောင့် နောက်ဆုံးလျော်ကြေးရလို့ ပိုက်ဆံယူကြတဲ့အခါ ပွဲစားကိုပါခွဲဝေပေးရတယ်။တောင်သူနဲ့ ပွဲစားညှိ့နှိုင်းပြီး မြေယာလျော်ကြေးတောင်းခံတဲ့ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးတယ်လို့ အိမ်ခြံမြေ လုပ်ငန်းရှင်အချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။နန်းရွှေပြည်အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းကဦးထွန်းထွန်းဝင်းက နေပြည်တော်ကမြို့သစ်ဖြစ်တယ်၊အဲဒီလိုပြဿနာတွေဖြစ်လာမှာဆိုးလို့ ကြိုပြီးသတိပေးတဲ့ အနေအထားပါ ကြားမညှပ်စေချင်တဲ့ သဘောပေါ့ လို့ပြောပါတယ်။နေပြည်တော်မှာ လက်တလောဖြစ်နေတဲ့ တောင်သူပြဿနာမှာ ခြံစည်းရိုးမခတ်ရသေးတဲ့ မြေကွက်တွေကို လျော်ကြေးအနေနဲ့ ငါးသိန်းဖြစ်စေ၊၁၀သိန်းဖြစ်စေ တောင်းဆိုနေကြတာကြောင့် အဲဒီလိုတောင်းဆိုမှုတွေအပေါ်မှာ ပွဲစားတွေအနေနဲ့ ၀င်ရောက်ပြီး တောင်းခံပေးတာမျိုး မလုပ်မိဖို့ကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်လို့ ဇေယျာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးနန္ဒကျော်ကပြောပါတယ်။နေပြည်တော်တည်ဆောက်စဉ်က တောင်သူတွေဆီက မြေယာတွေကို သိမ်းဆည်းခဲ့ပြီး နစ်နာကြေးအဖြစ် လျော်ကြေးပေးခဲ့တဲ့ အကွက် တွေလည်းရှိပါတယ်။လျော်ကြေးမရရှိတဲ့ တောင်သူတွေလည်း ရှိတာကြောင့် အခုနောက်ပိုင်းမှာ မြေဂရန်လျှောက်ပြီး နာမည်ဖောက်တဲ့ သူတွေခြံစည်းရိုးခတ်ရင်တောင်သူတွေက အခတ်မခံဘဲ ပြဿနာတွေ ဖြစ်နေကြတာလို့ သိရပါတယ်။နေပြည်တော်ကောင်စည်အသစ်ဖွဲ့စည်းပြီး နောက်ပိုင်းမှာ နေပြည်တော်ရှိလယ်ယာ သိမ်းခံတောင်သူတွေက အရင်ကပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေကို ဘာစီမံချက်မှ မဆောက်လုပ်ပဲ မြေကွက်လပ်အတိုင်းထားရင် အဲသည်မြေကွက်တွေပေါ်မှာ သီးနှံပြန်လည်စိုက်ပျိုးပါတယ်။အဲဒါကိုစည်ပင်ကခေါ်ယူပြီး ညှိ့နှိုင်းလာကြတာဖြစ်ပါတယ်။Source : The Kumudra
Facebook comments