ရန်ကုန်ဘူတာကြီး စီမံကိန်းတင်ဒါ တစ်နှစ်ကျော်သော်လည်း အောင်မြင်သူမရှိ၍ ဒုတိယအကြိမ် တင်ဒါပြန်ခေါ်

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဒုတိယအကြိမ်တင်ဒါ ပြန်လည်ခေါ်ယူလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ စီမံကိန်းအတွက် ၂၀၁၄ ဧပြီက တင်ဒါစတင်ခေါ် ယူခဲ့ပြီး တစ်နှစ်ကျော်ကြာ စိစစ်မှုများ

 ပြုလုပ်ခဲ့သော်လည်း တင်ဒါ အောင်မြင်သည့် ကုမ္ပဏီမရှိ ဟုဆိုကာ ရွေးချယ်မှုကို ဇူလိုင်လကုန်တွင် ရပ်နားခဲ့ပြီးနောက် ဒုတိယအကြိမ် ထပ်မံခေါ်ယူခြင်း ဖြစ်သည်ဟု မြန်မာ့မီးရထားမှ သိရသည်။ ‘‘လုပ်ငန်းပမာဏ ကြီးမားတဲ့အတွက် စိစစ်မှုတွေ စနစ်တကျ လုပ်ရတယ်။ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ တော်တော်များများလည်း စိတ်ဝင်စားမှုရှိခဲ့ပါတယ်။ ရွေးချယ်ရေးအဖွဲ့ စိတ်ကြိုက်မရရှိတဲ့အတွက် နောက်တစ်ကြိမ် ပြန်ခေါ်ဖို့ စီစဉ်လိုက် တာပါ’’ ဟု မြန်မာ့မီးရထားမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ရန်ကုန်ဘူတာကြီးပိုင်မြေ ၇၄၆ ဟက်တာ(၆၃ ဒသမ ၆၂၂ ဧက) ပေါ်တွင် ရထားလုပ်ငန်းနှင့် သက်ဆိုင်သော စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ 

အပန်းဖြေနေရာများ၊ ဟိုတယ်များ ဆောက်လုပ်ရန်နှင့် ပို့ဆောင်ရေးစနစ်များ ပါဝင်သည့် စီမံကိန်းအတွက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြီးခဲ့သည့် နှစ်ကတင်ဒါခေါ်ယူမှုတွင် နိုင်ငံတကာကုမ္ပဏီများက အဆိုပြုလွှာ ၃၄ စောင်ပေးပို့ထားခဲ့ပြီး နောက်ဆုံးအဆင့် တင်ဒါ၌ကုမ္ပဏီအဖွဲ့သုံးခုသာ ၀င်ရောက် ယှဉ်ပြိုင်ရန် ကျန်ရှိခဲ့သည်။ အဆိုပါ စီမံကိန်းအတွက် မြန်မာနိုင်ငံအပါအ၀င် မလေး ရှား၊ အီတလီ၊ ကိုရီးယား၊ ကာ တာ၊ ပြင်သစ်၊ ဂျပန်၊ စင်ကာပူ၊ ကနေဒါနှင့် ဗီယက်နမ်တို့က လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။ ယခု ဒုတိယအကြိမ် တင်ဒါ ခေါ်ယူမှုတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူများလည်း ပြန်လည်လျှောက်ထားနိုင်ပြီး နိုဝင်ဘာလ ၆ ရက် နောက်ဆုံးထား လျှောက်ထားရန် ကြေညာထားသည်။ ရထားပို့ဆောင်ရေး ၀န်ကြီးသည် ရထားပြေးဆွဲမှုမှ နှစ်စဉ် ကျပ် ၄၅ ဘီလီယံခန့် အရှုံးပေါ် နေခြင်းကြောင့် ၀င်ငွေပြန်လည် ဖြည့်တင်းနိုင်ရန် ရထားပိုင်မြေတွင် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သော စီမံကိန်းများ ပြုလုပ်စေခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက၂၀၁၄ နှစ်ကုန်၌ ပြောသည်။

Source: 7 Day News Journal

Facebook comments