မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် နယ်စပ်ကုန်သွယ်မှု စခန်းများ၏ စီးပွားရေးစင်္ကြံအဖြစ် သီလ၀ါ-မြ၀တီ၊ ကျောက်ဖြူ-မူဆယ်နှင့် လမ်းကြောင်းတစ်လျှောက်ရှိ မြို့များကို သတ်မှတ်ထား

မန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် နယ်စပ်ကုန်သွယ်မှုစခန်းများ၏ စီးပွားရေးစင်္ကြံအဖြစ် သီလ၀ါ အထူးစီးပွားရေးဇုန် - မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်-မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် လမ်းကြောင်းတစ်လျှောက်ရှိ မြို့များကို သတ်မှတ်ထားကြောင်း အမျိုး သား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် ဖော်ပြထားသည်။

တိုးတက်မှုဗဟိုဌာနများ၊ ဒေသအလိုက် စီးပွားရေးဖြစ်ထွန်းရာ မြို့များ၊ နယ်စပ်ဝင်ပေါက်များနှင့် အထူးစီးပွားရေးဇုန်များအတွင်း အပြန်အလှန်ချိတ်ဆက်မှုကို တိုးချဲ့မြှင့်တင်ရန် ဦးစားပေး သတ်မှတ်ထားသည့် စီးပွားရေးစင်္ကြံများ ဖွံ့ဖြိုးမှုမှတစ်ဆင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်သည်။ နယ်စပ် ၀င်ပေါက်များနှင့် အထူးစီးပွားရေးဇုန်များသည် ဒေသတွင်း ထုတ်လုပ်မှုကွန်ရက်နှင့် ကမ္ဘာ့တန်ဖိုး ကွင်းဆက်များသို့ ပြင်ပချိတ်ဆက်မှုများ ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားသည်။

လုပ်ငန်းမျိုးစုံ အလွှာလိုက်ဖြစ်ထွန်း ပေါ်ပေါက်မှု တိုးမြှင့်ရန် အရေးပါသည့် စီးပွားရေးစင်္ကြံမှာ သီလ၀ါ-မြ၀တီစင်္ကြံနှင့် ကျောက်ဖြူ-မူဆယ်စင်္ကြံတို့ဖြစ်သည်။ လမ်းကြောင်းတစ်လျှောက် ချိတ်ဆက်မှုတွင် သီလ၀ါ အထူးစီးပွားရေးဇုန်-ရန်ကုန်-ပဲခူး- ဘားအံ-မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်-မကွေး - မိတ္ထီလာ-မန္တလေး-ပြင်ဦးလွင်-ကျောက်မဲ -လားရှိုး-မူဆယ်တို့ ပါဝင်သည်။

ဖွံ့ဖြိုးတိုးတက်မှုရှိသော ဦးစားပေးစင်္ကြံသည် သီလ၀ါအထူးစီးပွားရေးဇုန်မှ မြ၀တီနယ်စပ်သို့ ရန်ကုန်နှင့် ပဲခူးမြို့များမှတစ်ဆင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ အဆိုပါစင်္ကြံသည် မြန်မာနိုင်ငံအတွက် စက်မှုလုပ်ငန်း ဆောင်ရွက်ချက်များ၊ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု၊ မြစ်ဝကျွန်းပေါ်ဒေသမှ လယ်ယာနှင့် ရေထွက်ပစ္စည်း ပို့ကုန်များအတွက် ကောင်းမွန်သည့် ပို့ဆောင်ရေးစနစ်များ ပေးစွမ်းနိုင်ရန် ခန့်မှန်းထားသည်။

သီလ၀ါအထူးစီးပွားရေးဇုန်ဖြင့် မဟာဗျူဟာအရ ချိတ်ဆက်မှုဆိုရာတွင် နိုင်ငံစုံစီးပွားရေး လုပ်ငန်းများကို အထူးစီးပွားရေးဇုန်များ၊ ပဲခူး၊ မြ၀တီသို့ ဆွဲဆောင်နိုင်ရန်နှင့် အလွှာလိုက်လုပ်ငန်းများကို အထောက်အကူပြုရန် လုံလောက်သော စီးပွားရေးအခြေခံ အဆောက်အအုံများ ပေးစွမ်းနိုင်မည်ဖြစ်သည်။ ပဲခူးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ကားတပ်ဆင်ထုတ်လုပ်သည့် အချက်အချာနေရာ (မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်လိုသော နိုင်ငံတကာ ကားကုမ္ပဏီများကို မြေနေရာပေးရန် လျာထားသောနေရာ) နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်နိုင်မည်ဖြစ်သည်။

မူဆယ် (၁၀၅ မိုင်) ရှိ တရုတ်နယ်စပ်သည် စီးပွားရေးအခြေခံအဆောက်အအုံများနှင့် ချိတ်ဆက်ထားသော ပြည်ပ ၀န်ဆောင်မှုများ ဆောင်ရွက်ပြီးဖြစ်သည်။ မန္တလေး- မူဆယ် ကားလမ်းနှင့် မီးရထားလမ်းကွန်ရက် အဆင့်မြှင့်တင်ခြင်းကို တရုတ်နှင့် ကုန်သွယ်ရေး တိုးမြှင့်ရန် ကာလတို မူဝါဒလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ဦးစားပေး သတ်မှတ်ထားခြင်း ဖြစ်သည်။ မန္တလေး-ကျောက်ဖြူလမ်းပိုင်း ကာလတိုမှ ကာလရှည်အထိ ဖွံ့ဖြိုးတိုးတက်မှုကို ၂၀၂၀ ကာလအလွန်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်းသိရသည်။

နယ်စပ်ဒေသများ၏ မြို့ပြဖြစ်ထွန်းရေးသည် ကာလရှည်မူဝါဒများအနက် တစ်ခုဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ၏ အခြေခံ လိုအပ်ချက်များပေါ် မူတည်ကာ မြို့ပြအခြေခံ အဆောက်အအုံကို တည်ထောင်ရမည် ဖြစ်သည်။ သတ်မှတ်ထားသော ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ် အခြေခံပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေးနှင့် အဆင့်အတန်းကို တိုးမြှင့်ရန် ရည်ရွယ်ထားသည်။       

Source: eleven media

Facebook comments