ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်များအတွင်း ကျူးကျော်နေထိုင် သူများစာရင်း လိုက်လံကောက်ယူနေ

ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်များအတွင်း ကျူးကျော်နေထိုင်သူများစာရင်း လိုက်လံကောက်ယူနေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်းများ ရှိနေပြီး ယခုကဲ့သို့ ရပ်ကွက်များ အတွင်းရှိ ကျူးကျော်နေထိုင်သူ စာရင်းများကို လိုက်လံကောက်ယူ နေခြင်းဖြစ်ကြောင်း၊ ယင်းသို့ကောက်ယူခြင်းမှာ ကျူးကျော်နေထိုင် သူများအတွက် အစီအစဉ်များ လုပ်ပေးရန် ကောက်ယူခြင်းဟု ယူဆ၍ရကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဆိုသည်။

"ကျူးကျော်တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ နည်းလမ်းတွေတော့ရှိတယ်။ အကြမ်းဖျင်းတော့ လောလောဆယ် ရပ်ကွက်တွေထဲမှာရှိတဲ့ ကျူးကျော်တွေကို စာရင်းလိုက်ကောက်နေတယ်။ သူတို့အတွက် အစီအစဉ်တွေလုပ်ပေးဖို့ စာရင်းကောက်တယ်လို့ပဲ ယူရမှာပေါ့။ အဲ့ဒါအပြင် ကျူးကျော်စာရင်းတွေကို အတိအကျကောက်ပြီး နောက်ထပ် ကျူး ၁၀ အိမ် တိုးလာရင် ၁၀ အိမ်ကိုရှင်းဖို့။ ထပ်အကျူးမခံတော့ဘူး" ဟု ဦးရန်အောင်က ဆိုသည်။

ယခင်အစိုးရ အဆက်ဆက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်ပြဿနာ တစ်စတစ်စ ကြီးထွားလာခဲ့ပြီး ယခင်အစိုးရ လက်ထက်က ကောက်ယူခဲ့သော စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးတွင် ကျူးကျော်နေထိုင်သူ လေးသိန်းမှ ငါးသိန်းအထိ ရှိမည်ဟု ခန့်မှန်းထားသည်။

ရန်ကုန်မြို့သို့ နယ်မြို့များမှ ရွှေ့ပြောင်း အခြေချလာသူဦးရေ များပြားလာပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီးတွင် ဧရာဝတီတိုင်းဒေသကြီးမှ အများအပြား ပြောင်းရွှေ့အခြေချ နေထိုင်လာကြပြီး ယင်းအထဲတွင် ကျူးကျော်နေထိုင်သူ အများအပြား ရှိလာခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်သည် ကျူးကျော်အများဆုံးဖြစ်ပြီး ကျူးကျော်နေထိုင်သူ တစ်သိန်းနီးပါး ရှိကြောင်း၊ ဒုတိယအများဆုံးမှာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရ လက်ထက်က ရန်ကုန်မြို့ရှိ ကျူးကျော်ပြဿနာကို ဖြေရှင်းရန်ဟုဆိုကာ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခဲ့သော်လည်း အဆိုပါ အိမ်ရာများမှာ ကျပ်သိန်း ၁၀၀ အထက် ဖြစ်နေသဖြင့် ပုံမှန်ဝင်ငွေ ရှိသူများပင် ၀ယ်ယူနိုင်သည့် အခြေအနေ မရှိခဲ့ပေ။ ထို့ပြင် တစ်စတစ်စ ကြီးထွားလာသော ကျူးကျော်ပြဿနာကို ယခင်အစိုးရ လက်ထက်တွင် စက်ယန္တရားများကို အသုံးပြုကာ အင်အားသုံး ဖြေရှင်းခြင်းများ ပြုလုပ်ခဲ့သည်။

ကျူးကျော်နေ ပြည်သူများအား စက်ယန္တရားများဖြင့် အင်အားသုံး ဖြိုခွဲဖြေရှင်းခြင်း ကိစ္စရပ်များ မပေါ်ပေါက် လာစေရန်အတွက် သင့်လျော်သည့် အိမ်ရာအမျိုးမျိုးကို မြို့ပြစီမံကိန်းပုံစံများ ရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြီးခဲ့သည့် မတ် ၂၂ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီက အကြံပြုခဲ့သည်။

ရန်ကုန်မြို့ရှိ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များ၌ ကျူးကျော်တဲများ များပြားစွာ တဖြည်းဖြည်းတိုး၍ ဆောက်လုပ်နေသည်ကို လက်ရှိ မြို့နယ်စည်ပင်သာယာနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ သိရှိသော်လည်း စတင်ဆောက်လုပ်စဉ် ကတည်းက တားဆီးခြင်း မရှိဘဲ များပြားစွာ ကျူးလွန်လာသည့် အခါမှသာ ကျူးကျော်နေ ပြည်သူများအား စက်ယန္တရားများဖြင့် အင်အားသုံး ဖြိုခွဲဖြေရှင်းနေကြောင်း၊ သို့ဖြစ်ရာ ယင်းသို့ အင်အားသုံး ဖြိုခွဲဖြေရှင်းခြင်းများ မပေါ်ပေါက်လာစေရန် အတွက် သင့်လျော်သည့် အိမ်ရာအမျိုးမျိုးကို မြို့ပြစီမံကိန်းပုံစံများ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြံပြု ထားခြင်းလည်း ဖြစ်သည်။

Source: eleven media

Facebook comments