နေပြည်တော် ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာလိုအပ်ချက် ၁၀ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်
ဝန်ကြီးဌာနပေါင်းစုံ အခြေစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာလိုအပ်ချက်ကို ၂၀၁၅/၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ၁၀ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။‘လိုနေတဲ့ အခန်းအရေအတွက်က ၁၁၈၆၁ ပါ ၊ ခုဘဏ္ဍာနှစ်မှာဆောက်လို့ပြီးသွားပြီး ခွဲဝေချထားပေးတဲ့အခန်းအရေအတွက်က ၁၂၂၄ ဖြစ်လို့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ဖြည့်ဆည်းပေးနိုင်ပါတယ်’ လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ အိမ်ခန်းခွဲဝေချထားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။နေပြည်တော် တည်ဆောက်မှုများ အပြီး အိမ်ခန်း လိုအပ်ချက်အရ ၂၀၁၅/၂၀၁၆ ဘဏ္ဍာနှစ်မှာ ပထမဆုံးအကြိမ် ထပ်မံဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။‘လူပျိုဆောင်ငါးလုံး ၊ အပျိုဆောင် ၁၀ လုံးနဲ့ ၊ အမှုထမ်းအိမ်ယာ ၂၁ လုံးဆောက်လုပ်ခဲ့တာပါ ၊ အဆောင်တွေအနေနဲ့ တစ်လုံးကို အခန်း ၄၈ ခန်းပါပြီး ၊ အမှုထမ်းအိမ်ရာကတော့ တစ်လုံးကို ၂၄ ခန်းပါပါတယ် ၊ ဒါကြောင့် အခန်းစုစုပေါင်း ၁၂၂၄ ခန်းခွဲပေးနိုင်ခဲ့ပါတယ်’ လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။နေပြည်တော် ကောင်စီအနေနဲ့လည်း ရထားတဲ့ဘတ်ဂျက်အပေါ်မှုတည်ပြီး တည်ဆောက်ပေးရတာဖြစ်လို့ အခန်းလိုအပ်ချက်အကုန်လုံးကို အပြည့်အဝဖြည့်ဆည်းအပေးနိုင်တာလို့ သိရပါတယ်။နေပြည်တော်မှာ ဝန်ထမ်းဦးရေတိုးပွားလာတာကြောင့် ဝန်ထမ်းတွေအနေနဲ့ အိမ်ခန်းမရတဲ့အခါမှာ အပြင်မှာ ငှားနေရတာတွေ ၊ အသိမိတ်ဆွေအခန်းတွေမှာ ပေါင်းနေရတာတွေ ရှိနေတယ်လို့ အားကစားဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။‘အစ်မက အလုပ်ဝင်တာ သိပ်မကြာတော့ အခန်းမရဘူး ၊ ရွှေနံ့သာမှာငှားနေရတာ ၊ ရတဲ့လစာနဲ့ မလောက်ချင်ဘူးပေါ့ ၊ အခုတော့ အခန်းလေးရလာတော့ အဆင်ပြေသွားပြီ’ လို့ နေပြည်တော် အားကစားဝန်ကြီးဌာနက အခန်းရတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ် ။Source: The Modern
Facebook comments