ပုဂ္ဂလိကကဏ္ဍနဲ့ အဆင့်မြှင့်မည့် စည်ပင်ဈေးများ

ရန်ကုန်မြို့နေလူထု အဓိကအသုံးပြုလျက်ရှိနေသည့် စည်ပင်ဈေးများကို ပုဂ္ဂလိကကဏ္ဍနှင့် အကျိုးတူပူးပေါင်းပြီး အဆင့်မြှင့်တင်ရန် စီစဉ်နေပြီး လက်ရှိတွင် ဦးစားပေးဆောင်ရွက်မည့် ၂၁ ဈေးကို စာရင်းကောက်ယူ ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီမှ သိရသည်။

လာမည့်နှစ်အတွင်း ရန်ကုန်မြို့ရှိ ဈေးများကို ပိုမိုစနစ်ကျစေရန် ပုဂ္ဂလိကနှင့် အစိုးရတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း (PPP) ပုံစံဖြင့် အဆင့်မြှင်တင်မှုများကို ဆောင် ရွက်မည်ဟု ဈေးများဌာန ဒုတိယဌာနမှူး ဦးသောင်းတင်က ဆိုသည်။


"လက်ရှိမှာ ဈေးနှစ်ဈေးက တရားဝင်တင်ဒါအောင်ထားတယ်။ စာချုပ်ချုပ်တဲ့အဆင့်ကိုရောက်ဖို့ ညှိနေတာ နောက်ဆုံးအဆင့်ရောက်နေပြီ၊ မြေပြင်မှာတော့ ဆိုင်ခန်းဆောက်တဲ့ လုပ်ငန်းတွေစနေပြီ"ဟု ဦးသောင်းတင်က ဆိုသည်။


ရန်ကုန်မြို့ရှိ ဈေးများအဆင့်မြှင့်ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူအားဖြင့် သဘောတူထားပြီး ဈေးများကို အဆင့်မြှင့်ရာတွင် ပုဂ္ဂလိကဏ္ဍနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် ဈေး ၂၁ ဈေးကိုအဆင့်မြှင့်ရန် စီစဉ်နေခြင်းဖြစ်ပြီး လုပ်ငန်းရှင်များမှ မိမိတို့အဆင့်မြှင့်လိုသည့် ဈေးများအတွက်လည်း စီမံချက်ရေးဆွဲပြီး တင်ပြနိုင်ကြောင်း ဦးသောင်းတင်က ဆိုသည်။


"လက်ရှိက စည်ပင်သာယာဈေးတွေရဲ့အခြေအနေက ရုံးနဲ့တူနေတယ်။ ရုံးဖွင့်ချိန် ပိတ်ချိန်လောက်ပဲ လူတွေရှိနေတယ်။ ရုံးပိတ်ချိန်မှာ ဈေးတွေက ပိတ်ဖို့ အချက်ပေးတော့ ဈေးသည်တွေက အပြင်ထွက်ရောင်းကြတယ်။ ဒါ့ပြင် လူတွေကလည်း သူတို့ မျက်စိရှေ့မှာမြင်နေမှ ဈေးက ဝယ်ချင်တော့ အံကိုက်ဖြစ်နေတယ်။ အဲဒီတော့ လမ်းဘေးဈေးသည်တွေများပြီး ဈေးထဲမှာက လူမရှိတော့ဘူး။ ဒါကြောင့် အေးအေးဆေးဆေး ဈေးဝယ်လို့ရအောင် ဈေးတွေကို အဆင့်မြှင့်ဖို့ ကန်ထရိုက်စနစ်နဲ့ ပေးလိုက်တာပါ"ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။


ရန်ကုန်မြို့တွင် အသုံးပြုနေသည့် ဈေးများသည် သန့်ရှင်းသပ်ရပ်မှုမရှိသဖြင့် သန့်ရှင်းသပ်ရပ်မှုနှင့် တိုးတက်မှုဖြစ်စေရန်အပြင် ဝယ်သူများ အချိန်ကြာမြင့်စွာ ပိုမိုဝယ်ယူနိုင်ရန်အတွက် ပုဂ္ဂလိကဏ္ဍနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။


ဈေးများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ဈေးများဌာနမှ ကြီးကြပ်ကွပ်ကဲမည်မဟုတ်ဘဲ ပုဂ္ဂလိကကုမ္ပဏီတစ်ခုခုသို့ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကာ ယင်းကုမ္ပဏီမှ ဈေးများဌာန၏စည်းကမ်းများအတိုင်း အကျိုးအမြတ်တစ်ခုဖြင့် စီမံခန့်ခွဲဆောင်ရွက်ရမည်ဖြစ်သည်။


"ရပ်ကွက်ထဲမှာက စည်ပင်ကဈေးတွေမှာပဲ နေ့တိုင်းလိုလိုဝယ်ရတယ်။ ဈေးသွားရင် သားငါးတန်းတွေက စိုတိစိုစွတ်နဲ့မို့ လမ်းလျှောက်ရတာကအစ အဆင်မပြေ ဘူး။ ဆိုင်ခန်းတွေမှာရောင်းရင် ဝယ်ရတာအဆင်ပြေပေမဲ့ လမ်းဘေးချရောင်းတဲ့ ဈေးသည်တွေနဲ့ကျ သိပ်ပြီးအဆင်မပြေဘူး"ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ ဒေါ်စန်းစန်းမော်က ဆိုသည်။


ပြည်သူများအနေဖြင့် စူပါမားကက်များတွင် ဈေးဝယ်ခြင်းထက် စည်ပင်သာယာဈေးများနှင့် လမ်းဘေးဈေး သည်များထံမှသာ အဓိကဝယ်ယူ အသုံးပြုနေခြင်းဖြစ်ပြီး အဆိုပါဈေးများတွင် ရောင်းချမှုပုံစံစနစ်နှင့် အသုံးပြုနေသည့် လမ်းများသည် အနံ့အသက်များ ဆိုးဝါးစွာ ရှိနေကြောင်းကို ယခုနှစ်ဧပြီလအတွင်းက ကောက်ယူခဲ့သည့် မြန်မာဒီမိုကရေစီ သုတေသန ကွန်ရက်အဖွဲ့ (MDRN) ၏ သုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။


ရန်ကုန်မြို့တွင် ဈေးပေါင်း ၁၈၃ ဈေးရှိသည့်အနက် ဈေးများကို အဆင့်မြှင့်ရန် အပိုင်းလိုက် အဆင့်များခွဲခြား ထားကြောင်း၊ ပုဂ္ဂလိကကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက် ရန် မင်္ဂလာဈေးနှင့် တာမွေဈေးများကို ဆောင်ရွက်နေပြီဖြစ်ကာ တောင်ဥက္ကလာပမြို့နယ်မှ ငွေယမုံဈေး၊ စံပြညဈေးနှင့် မင်္ဂလာတောင်ညွန့်ဈေးတို့ကို တင်ဒါခေါ်ရန် စီစဉ် ထားကြောင်း မြို့တော်စည်ပင်ထံမှသိရသည်။


ယခုနှစ်မေလဆန်းတွင် ပြုလုပ်ခဲ့သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန် ရန်ကုန်စီမံကိန်းဘဏ်ထဲတွင် စီမံကိန်း ၈၀ ကို ထည့်သွင်းဖော်ပြခဲ့ပြီး ယင်းအထဲတွင် ရန်ကုန်တိုင်းအတွင်းရှိ ဈေးများကို အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများလုပ်ကိုင်မည့် စီမံကိန်း၃၁ ခုကိုလည်း ထည့်သွင်းထားသည်။


Source : Myanmar Times

ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။



Facebook comments