မန္တလေး အိမ်ခြံမြေအရောင်းအဝယ် ယမန်နှစ်ထက် သွက်လာ

ပြည်တွင်းအိမ်ခြံမြေအရောင်းအဝယ်မှာ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် သိသာစွာငြိမ်သက်နေခဲ့ကာ ဝယ်သူဘက် က အားသာသောဈေးကွက်အဖြစ် နှစ်ရှည်ရပ်တည်နေ ခဲ့ပြီး ဈေးနှုန်းများလည်း အကျဘက်သို့ ဦးတည်ခဲ့သည်။ သို့ရာတွင် ယခုနှစ်၌ ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အရောင်းအဝယ် ခပ်စိပ်စိပ်ဖြစ်လာကာ၊ ဈေးအမြင့်ပိုင်းများထက် ဈေးနှုန်းသင့်တင့်သော ဧရိယာများတွင် ပိုမိုအလုပ်ဖြစ်နေကြောင်း ဦးတင်မောင်က ပြောသည်။


"ကျွန်တော့်အတွေ့အကြုံအရ ၂၀၁၈ မှာ မြေကွက် ၁ဝဝ အရောင်းရှိရင် အများဆုံး ၃၀ ရာခိုင်နှုန်းလောက်ပဲ အရောင်းအဝယ်တည့်တယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ အရောင်းရှိလို့ သုံး၊ လေးလလောက်နေလို့ မေးကြည့်ရင် အရောင်းအဝယ် တည့်သွားပြီးကြပြီ။ ရာခိုင်နှုန်းအနေနဲ့ ခြုံပြောရရင် မနှစ်ကဖြစ်ခဲ့တဲ့နှုန်းထက် ထက်ဝက်လောက် အရောင်းအဝယ်တက်လာတဲ့သဘောရှိတယ်။ ဈေးနှုန်းကတော့ အပြောင်းအလဲမများဘူး"ဟု ဦးတင်မောင်က ပြောသည်။


မန္တလေးမြို့တွင် ဈေးနှုန်းမြင့်မားသော မြို့တွင်းဧရိယာထက် မြို့သစ်ဧရိယာများတွင် အရောင်းအဝယ် ပိုသွက်နေကြောင်း၊ မြို့သစ်တွင် ဈေးနှုန်းအနေအထားအပြင် လမ်းပန်းဆက်သွယ်ရေးမှာ ယခင်ကထက် များစွာသာလွန်ကောင်းမွန်လာသဖြင့် မြို့သစ်ဘက်ကို ပိုမိုမျက်စိကျလာခြင်းဖြစ်ကြောင်း၊ မန္တလေးအပြင် ယခုနှစ်တွင် နေပြည်တော်၌ အရောင်းအဝယ် သိသာစွာကောင်းမွန်လာကြောင်း ပြောသည်။


"နေပြည်တော်မှာ ပေ ၄၀၊ ပေ ၆၀ အကျယ်မြေကွက်ကို ကျပ်သိန်း ၇၀ ဝန်းကျင်နဲ့ရတဲ့ နေရာတွေရှိနေသေးတယ်။ ပေ ၁ဝဝ ပတ်လည်တစ်ကွက်ကို သိန်း ၅ဝဝ ဝန်းကျင်တွေလည်း ရှိတယ်။ ဈေးနှုန်းကသင့်တော့ စိတ်ဝင်စားမှုများကြတယ်။ သပြေကုန်းလိုနေရာမှာ အရင်က သိန်း ၂ဝဝဝ အောက်ပဲဈေးရှိပေမဲ့ အခု ကျပ်သိန်း ၄ဝဝဝ လောက်ခေါ်ဈေးရှိတယ်"ဟု ဦးတင်မောင်က ပြောသည်။


ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဝဏ္ဏစိုးက ယခုနှစ်တွင် အရောင်းအဝယ်သာမက အငှားဈေးကွက်ပါ ယမန်နှစ်ထက် ပိုသွက်ကာ မန္တလေးရှိ လူကြိုက်များသော မြို့သစ်ဧရိယာတချို့တွင် ဈေးနှုန်းမှာ ပျမ်းမျှ ငါးရာခိုင်နှုန်းခန့်တက်ကြောင်း ၎င်းကပြောသည်။


အိမ်မြေအရောင်းအဝယ်မှာ ပြန်လည်ဦးမော့စ ပြုလာသော်လည်း ၂၀၁၆ နှစ်ကုန်ခန့်က အကောင်အထည်ဖော်ရန် စတင်ကြိုးပမ်းခဲ့သော အိမ်ခြံမြေဝန်ဆောင်မှုဥပဒေမှာ ပြီးပြတ်ခြင်းမရှိသေးပေ။ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေမှာ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးနိုင်ရုံသာမက နိုင်ငံတော်အခွန်ရရှိရေးအတွက် ကောင်းစွာအထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း ပြောသည်။


"အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို တချို့က အကျိုးဆောင် တွေရဲ့ အကျိုးအတွက် ပြဋ္ဌာန်းတာလို့ မြင်နေတာမျိုး ရှိပါတယ်။ တကယ်တော့ ဒီဥပဒေဟာ ရောင်းမှားဝယ်မှားဖြစ်တဲ့ ပြဿနာတွေကို ကာကွယ်ဖို့ အဓိကထား ရေးဆွဲထားသလို အကျင့်ပျက်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ နိုင်ငံတော်အတွက်လည်း အကျိုးကျေးဇူးများနိုင်သလို အိမ်မြေဈေးကွက်အတွက်လည်း ရှေ့အလားအလာကောင်းတွေ ဖြစ်စေမှာပါ"ဟု ဖိုးလမင်းအိမ်မြေအကျိုးဆောင်လုပ်ငန်းက ဦးဝဏ္ဏစိုးက ပြောသည်။


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက လက်ရှိ အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းအပေါ် အခွန်စည်းကြပ်ရန် သတ်မှတ်နှုန်းထားများအရ မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်များအတွင်း အိမ်မြေစံနှုန်းသတ်မှတ်ချက်များတွင် အမြင့်ဆုံး နှုန်းထားအဖြစ် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁ဝဝဝဝ ကျော်အထိ သတ်မှတ်ထားသည်။


Source : Myanmar Time

Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။


Facebook comments