၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု စာရင်းတွင် တရုတ် ဆက်လက် ဦးဆောင်

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံမှ စီမံကိန်း ၁၂၆ ခု၊ ၁၅ ဘီလျံကျော်ဖြင့် အဆင့် (၁) နေရာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး စင်ကာပူနိုင်ငံမှ စီမံကိန်း ၁၉၉ ခုမှ ၁၂ ဘီလျံကျော်ဖြင့် ဒုတိယ နေရာတွင် အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းစဉ်များထဲတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စီမံကိန်း ၁၅၁ ခု၊ ၁၉ ဘီလျံကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး စွမ်းအင်ကဏ္ဍ၌ စီမံကိန်း ကိုးခုမှ၊ ၁၉ ဘီလျံဖြင့် ဒုတိယ အများဆုံး လာရောက်ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။ ထို့ပြင်ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်လည်း ဒေါ်လာခြောက်ဘီလျံနီးပါး ၀င်ရောက်ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထိ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့်လည်း ဗြိတိန်နိုင်ငံမှ ဒေါ်လာ ၄၀၇၃ သန်းကျော်ဖြင့် အများဆုံး လာရောက်ရင်းနှီး မြှုပ်နှံထားပြီး၊ နယ်သာလန်နိုင်ငံမှ ဒေါ်လာ ၉၈၉ သန်း၊ ပြင်သစ်နိုင်ငံမှ ဒေါ်လာ ၅၄၁ သန်းကျော်၊ လူဇင်ဘတ်နိုင်ငံမှ ဒေါ်လာ ၄၅ သန်း၊ ဆွစ်ဇာလန်နိုင်ငံမှ ဒေါ်လာ ၃၂ သန်းကျော်၊ ဂျာမနီနိုင်ငံမှ ဒေါ်လာ ၂၁ သန်းကျော်၊ ဆွီဒင်နိုင်ငံမှ ဒေါ်လာ ၁၄ သန်းကျော်၊ နော်ဝေ နိုင်ငံမှ ဒေါ်လာ ၁၁ သန်းနှင့် ၀င်ရောက်ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွင် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ၌လည်း ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုမှာ တိုးမြှင့်လာကြောင်း၊ လက်ရှိတွင် အဆင့်ခုနစ် နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

Source: Eleven Media Group

Facebook comments