တောင်ဒဂုံမြို့နယ်မှ မြေကွက်များ ဈေးနှုန်းကျဆင်းနေသော်လည်း ထိုအကျဈေးနှုန်းဖြင့် အဝယ်လိုက်နေကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။
''ဒီရက်ပိုင်းမှာ လုပ်ငန်းရှင်တစ်ဦးက စက်မှုဇုန် လေးဧက ဝယ်ယူပြီးချိန်ကစပြီးတော့ မြေကွက်တွေ အဝယ်လိုက်လာတာပါ'' ဟု ဒေသခံ အိမ်ခြံမြေအကျိုးဆောင် မချိုနွယ်က ပြောသည်။
သို့သော် မြေကွက်ဈေးနှုန်းများမှာ သိသိသာသာ ကျဆင်းနေပြီးမြေကွက်ပိုင်ရှင်အများစုက အရှုံးခံ ရောင်းချနေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။''လမ်းမတန်းပေါ်က ပေ ၄ဝ၊ ပေ ၆ဝ မြေတစ်ကွက်ကို ကျပ်သိန်း ၂၈ဝ လောက်ပဲ ပေါက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ အရင်တုန်းက အဲဒီမြေကွက်တွေက တစ်ကွက်ကို အနည်းဆုံး သိန်း ၄ဝဝ လောက် ပေါက်ဈေးရှိခဲ့ပါတယ်''ဟု ၎င်းက ပြောသည်။
အိမ်ခြံမြေဈေး ကောင်းခဲ့သောအချိန်က ဈေးနှုန်းကြီးမြင့်စွာ ဖြင့် မြေကွက်များ ဝယ်ယူထားသူများပင်လျှင် အကျဈေးနှုန်းဖြင့် မြေကွက်များ ပြန်လည်ရောင်းချနေကြကြောင်း မချိုနွယ်က ပြောသည်။
''မြေဈေး ထပ်မတက်နိုင်တော့ဘူးလို့ ယုံကြည်နေတာတွေ ကြောင့် မြေကွက်ကို ဈေးကစားဖို့ ဆက်ရင်းနှီးမမြှုပ်နှံလိုကြတော့ဘဲ အကျဈေးနဲ့ပဲ ရောင်းကြတာ ဖြစ်နိုင်ပါတယ်''ဟု ၎င်းက ပြောသည်။ရန်ကုန်တိုင်းဒေသကြီးအစိုးရက မြို့သစ်များ ချဲ့ထွင်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မှုများ ပြုလုပ်လာသည့်အပြင် မြေဈေးနှုန်းများ ဆက်လက်မမြင့်တက်စေရန် ဈေးနှုန်းထိန်းမည်ဟု ပြောဆိုမှုများလည်း ရှိသည့်အတွက် မြေကွက်ဈေးများ မမြင့်တက်လာနိုင်ဟု အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများက ယုံကြည်လာကြခြင်းဖြစ်သည်ဟု မြောက်ဒဂုံမြို့နယ်အခြေစိုက် သစ္စာမြေအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မသူဇာမေက ပြောသည်။
''အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူအများစုက မြေဈေးက အတက်ဘက်ထက် အကျဘက်ကိုပဲ ဦးတည်နေတယ်လို့ ယုံကြည်နေကြတယ်။ အကျဘက်ပဲ ဦးတည်မယ်လို့ တွေးနေကြတော့ ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူသူမရှိကြဘဲ နေထိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ပဲ မြေကွက်တွေကို ဝယ်ယူလာကြတယ်''ဟု ၎င်းက ပြောသည်။
အရှေ့ဒဂုံမြို့နယ်များနှင့် မြောက်ဒဂုံမြို့နယ်များတွင်လည်း မြေကွက်များ ဈေးနှုန်းကျဆင်းပြီး နေထိုင်ရန် ဝယ်ယူလိုသူများ ရှိကြောင်း မချိုနွယ်က ပြောသည်။
''အရှေ့ဒဂုံမြို့နယ်မှာ ပေ ၄ဝ၊ ပေ ၆ဝ မြေတစ်ကွက်ကို အရင်က သိန်း ၅ဝဝ လောက် ပေါက်ဈေးရှိခဲ့ပေမဲ့ အခု သိန်း ၃၅ဝ လောက်ပဲ ဈေးရှိတော့တယ်။ မြောက်ဒဂုံမြို့နယ်မှာတော့ အရင်က သိန်း ၈ဝဝ လောက် ပေါက်ဈေးရှိခဲ့တဲ့ ပေ ၄ဝ x ပေ ၆ဝ မြေတစ်ကွက်ကို အခု သိန်း ၄၅ဝ လောက်နဲ့ အရောင်းအဝယ် ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။
Source : Myanmar Times