အောင်လံမြို့နယ်တွင် မြေစာရင်းပုံစံ (၁၀၅) မရှိသူ များနှင့် လယ်ယာမြေ
အခြားနည်း သုံးစွဲခွင့်လျှောက်ထားခြင်းမရှိသူ များကို အုတ်ထုတ်လုပ်ခွင့်လိုင် စင် ထုတ်မပေးတော့သဖြင့် အခက်တွေ့နေကြောင်း ဒေသခံ အုတ်လုပ်ငန်းရှင်များက ပြောသည်။
အုတ်ထုတ်လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှတစ်ဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားကြရသည်။ ယခင်နှစ်များက လယ်ယာမြေများတွင်ပင် မြေစာရင်းပုံစံ ထုတ်၍ လျှောက်ထားကာ အုတ်ထုတ်ခွင့် လိုင်စင်ရရှိခဲ့သော်လည်း ယခုနှစ် တွင်မူ လယ်ယာမြေအခြားနည်း သုံးစွဲခွင့်ကျပြီးသော မြေများတွင် သာထုတ်
လုပ်ခွင့်ပြုမည်ဟု အကြောင်းပြန်သောကြောင့် အခက်တွေ့ရခြင်းဖြစ်ကြောင်း အောင်လံမြို့နယ် ရွှေညောင်ပင်ကျေးရွာက အုတ်လုပ်ငန်းရှင် ဦးဝင်းဦးက ပြောသည်။
မိုးကောင်းကျေးရွာက အုတ် လုပ်ငန်းရှင် ကိုမောင်ထွန်းက ‘‘ကျွန်တော် အုတ်လုပ်လာတာ (၁၅) နှစ်ကျော်ပြီ၊ ဒီနှစ်မှ လိုင်စင် ရချင်ရင် အခြားနည်းသုံးစွဲခွင့် လျှောက်ရမယ်ဆိုတော့ အဲ့ဒါက လပေါင်းများစွာကြာပါတယ်။
ဒီလျှောက်ထားဆဲကာလမှာ ကျွန်တော်တို့က မထုတ်ဘဲ ဒီအတိုင်းရပ်ထားရမယ့် အခြေအနေ ဖြစ်နေပါတယ်။ အလုပ်သမား တွေ အခက်အခဲဖြစ်သလို ကျွန် တော်တို့လည်း အခက်အခဲဖြစ်နေ ရပါတယ်’’ဟု ပြောသည်။
အုတ်ထုတ်လုပ်ရန် အတွက်လိုင်စင်ကို နှစ်စဉ်ဧပြီလတွင် လျှောက်ထားလေ့ရှိပြီး သြဂုတ် (သို့မဟုတ်) စက်တင်ဘာလတွင် လိုင်စင်ပြန်ကျကြောင်း၊ သို့သော် ယခုနှစ်တွင်မူ အောက်တိုဘာလအထိ လိုင်စင်မကျလာကြောင်း ဒေသခံအုတ်လုပ်ငန်းရှင်များက ပြောသည်။
လိုင်စင်အချိန်မီမရရှိက ယခုနှစ် ထုတ်လုပ်ခွင့်ရတော့မည်မဟုတ်ကြောင်း ကိုမောင်ထွန်းက ပြောသည်။
လိုင်စင်ကျလာခြင်းမရှိသေး ဘဲ ထုတ်လုပ်မိပါက ဖမ်းဆီးခံရ မည်ကို စိုးရိမ်နေသဖြင့် လုပ်ငန်း များစတင်နိုင်ခြင်းမရှိသေးကြောင်း နှင့် အုတ်ထုတ်လုပ်သားအများစု အလုပ်အကိုင် အခက်အခဲများဖြစ်နေကြောင်း အောင်လံမြို့ မိုးကောင်းကျေးရွာက အုတ်ထုတ် လုပ်သား ကိုမင်းအောင်က ပြော သည်။
အုတ်လုပ်ငန်းရှင်ဖြစ်သူ ကိုဝင်းဦးကလည်း ‘‘အခုက လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်လျှောက်ထားပါတယ်။ အခု လျှောက်ထားဆဲကာလမှာလည်း နိုင်ငံတော်က လိုင်စင်ချထားပေး ပြီး အခွန်ဆောင်တရားဝင်ထုတ် ခိုင်းစေချင်ပါတယ်။ အုတ်လုပ် ငန်းက တစ်နှစ်မလုပ်ရင် ဖောက် သည်တွေပျက်သလို လုပ်သားပြန်စုဖို့ ဆိုတာလည်း မလွယ်လို့ပါ’’ ဟု ဆိုသည်။
အထက်ပါ ကိစ္စနှင့် ပတ် သက်၍ အောင်လံမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ခရိုင် က ညွှန်ကြားချက်အရသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တာဝန်ရှိ သူက ဖြေကြားသည်။
အုတ်ထုတ်လုပ်ရာတွင် ဓာတ်သတ္တုထုတ်လုပ်ခွင့်လိုင်စင် ကို သက်ဆိုင်ရာအထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ တစ်နှစ်တာ ထုတ်လုပ်မည့် အုတ်အရေအတွက်ကို တင်ပြကာလျှောက်ထား ရပြီး အခွန်အဖြစ် အုတ်တစ်ခဲလျှင်တစ်ကျပ်နှုန်း တွက်ချက်ကာ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းရကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
လက်ရှိတွင် အောင်လံမြို့ နယ်အတွင်း အုတ်လုပ်ငန်းလိုင် စင်လျှောက်ထားသူ (၂၀) ဦးခန့်ရှိ နေသည်။ သို့သော်လက်ရှိတွင် တစ်ဦးသာ ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်း တွင် ဖော်ပြထားသည်။ အုတ်ထုတ်လုပ်သူများသည် နှစ်စဉ်ဒီဇင်ဘာ မှ ဧပြီအထိ လုပ်ငန်းလုပ်ကိုင်ကြသည်။
Source : 7Daydaliy