တောင်ကြီးမြို့ အဆင်းလမ်း အေးသာယာ ထုံးဘိုတောင်ခြေ ရေထွက်၌ ကျူးကျော်နေသူများထဲမှ ခြောက်ဦးကို ထောင်ဒဏ် တစ်လ ချမှတ်

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ အဆင်းလမ်း အေးသာယာရပ်ကွက် (၃)  အင်ကြင်းတောင်ခြေ ကံသစ်ကျောင်းအနီးနားရှိ တိုးပွားလာသော ကျူးကျော်အိမ်များကို တရားစွဲဆိုထားသော အမှုများတွင် လူဦးရေ ၈၀ အနက်၊ ဝန်ခံလိုက်သူ ငါးဦးကို တောင်ကြီးမြို့နယ် တရားရုံးမှ ထောင်ဒဏ် တစ်လစီ ချမှတ်လိုက်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဧပြီ ၂၅ ရက်တွင် သတင်းရရှိသည်။

ဖေဖော်ဝါရီလတွင် ကောက်ခံ ရရှိထားသော စာရင်းများအရ အိမ်ခြေ ၈၃ အိမ်နှင့် ဆက်လက် ကျူးကျော်ရန် အကွက်ဖော်ထားသော အိမ်ခြေ ၃၀ ကျော် ရှိနေပြီး ကျူးကျော်ထားသော အိမ်ခြေ ၈၃ အိမ်ကို တောင်ကြီးမြို့နယ် တရားရုံးတွင် တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တရားလိုပြုလုပ်ကာ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်းဥပဒေ နည်းဥပဒေပုဒ်မ ၆၉ (၂) အရ မတ် ၁၇ ရက်တွင် စတင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ ပုဒ်မ ၆၉ (၂) အရ ကျူးကျော်သည်ဟု ဝန်ခံလိုက်သူ ငါးဦးကို ထောင်ဒဏ်တစ်လ ချမှတ်လိုက်ပါတယ်။ ငါးဦးပဲ၊ အမျိုးသား လေးဦး၊ အမျိုးသမီးတစ်ဦး အရင်ဝန်ခံထားတယ်လို့ ပြောတာကိုး။ ကျန်တဲ့သူတွေကို ဆက်စစ်နေတယ်။ ဝန်မခံထားသူကိုတော့ သက်သေတွေကို စစ်ရဦးမယ်။ ဝန်ခံထားရင် ချက်ချင်းချလို့ ရတယ်။ အခုတစ်ခေါက်မှ ချတယ်။ ဝန်မခံသူတွေကိုလည်း ဆက်စစ်ပြီးတော့ ထောင်ကတော့ ချမှာပဲ” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပြောကြားသည်။

ကျူးကျော်သူများဘက်မှ ပြည်ထောင်စု အဆင့်ဆင့်ထံသို့ အသနားခံစာများ တင်ပြထားပြီး အဆိုပါကိစ္စကို ညှိနှိုင်းဆောင်ရွက်ပါရန် စာထွက်ထားပြီးဖြစ်ကြောင်း သိရသည်။

Source ; Eleven Media

Facebook comments