အဆင့်မြင့်မင်္ဂလာဈေးတွင် မီးမလောင်ဘဲကျန်ရှိခဲ့သည့် အဆောက်အအုံသည် ခိုင်မာမှုရှိသည်ဟု အင်ဂျင်နီယာအသင်း သုံးသပ်

မီးလောင်သွားသည့် မင်္ဂလာဈေး ပြန်လည်တည်ဆောက်မှုများနှင့်ပတ်သက်၍ စုံစမ်းမှု များပြုလုပ်ခဲ့ရာ မီးလောင်ထားခြင်းမရှိဘဲ ကျန်ရှိသည့်အစိတ်အပိုင်းမှာ ခိုင်ခံ့မှုရှိသည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက သုံးသပ်ထားသည်။

မီးနှစ်ကြိမ်လောင်ထားသည့် အဆင်မြင့် မင်္ဂလာဈေး ပြန်လည်ပြုပြင် ဆောင်ရွက်ရာတွင် အဆောက်အအုံအသစ်ကိုသာ ပြန်လည် တည်ဆောက်ချင်သူများနှင့် မီးလောင်အဆောက်အအုံကို ပြန်လည်ပြုပြင်လိုသူများဟူ၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ရာ ယခုအခါ အင်ဂျင်နီယာအသင်း၏ထုတ်ပြန် ချက် ထွက်ရှိလာသည့်အတွက် ပြန်လည်ပြုပြင်တည်ဆောက်မှုများကိုသာ ပြုလုပ်လိုသည်ဟု ဈေးသူဈေးသားများက ပြောသည်။ "မင်္ဂလာဈေးမီးလောင်သွားတဲ့နေရာတွေ ကတော့ လုံးဝမကောင်းတော့ဘူး။ ကျန်နေ သေးတဲ့အပိုင်းကတော့ ကောင်းသေးတယ်။ ကောင်းတယ်ဆိုတာကလည်း သူအတိုင်းထား မယ်ဆိုကောင်းတယ်။ အဲဒီအပေါ်မှာထပ်ပြီးတော့ တည်ဆောက်ဖို့လုံးလုံးလျားလျား ခိုင်ခံ့တယ်လို့ ပြောတာမဟုတ်ဘူး။ အခု အထိ အတိအလင်းစစ်ဆေးမှုတွေက လုပ်နေဆဲဖြစ်တယ်။ သုံးသပ်ချက်တွေပဲ ရှိသေးတယ်။ ထုတ်ပြန်ထားတာမျိုးတော့ မဟုတ်သေးဘူး" ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဒုတိယ ဥက္ကဋ္ဌ ဒေါ်စီသန်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့တွင် မီးလောင်သွားခဲ့သည့် အဆင်မြင့်မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရေးအတွက် စစ်ဆေးမှုများကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စတင် ပြုလုပ်ခဲ့ပြီး တစ်လနီးပါးအကြာတွင် အထက် ပါ သုံးသပ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မင်္ဂလာဈေးအဆောက်အအုံ အသစ်ပြန် လည် တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများအပေါ် ဈေးသူ ဈေးသားများ၏ ဆန္ဒသဘောထားများကောက် ယူ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြခဲ့ရသည်။

အဆင့်မြင့်မင်္ဂလာဈေးသည် နှစ်ပေါင်း ၁၄၀ ကျော်ခံနိုင်ရည်ရှိသည့်အဆောက်အအုံဖြစ်ပြီး အသစ်ပြန်လည်တည်ဆောက်မှုများပြုလုပ် မှုသည် အချိန်ကြာမြင့်ပါက ဈေးကွက်ပျောက် သွားနိုင်သည့်အတွက် ပြုပြင်မှုများသာ ပြုလုပ်ရန် ဈေးသူဈေးသားများ၏ သဘောထားကို သက်ဆိုင်ရာဌာနများကို တင်ပြခြင်း ဖြစ်သည်ဟု မင်္ဂလာဈေး မြေညီထပ်ရှိ နန်းထိုက် အထည်ဆိုင်ပိုင်ရှင် ဒေါ်ခင်သန်းဌေးက ပြောသည်။

"ကျွန်မတို့ ဆန္ဒသဘောထားတွေကို မင်္ဂလာတောင်ညွှန့်လွှတ်တော်အမတ် ဒေါ်ဖြူ ဖြူသင်းကို တင်ပြထားတယ်။ သူကတစ်ဆင့် ဆောင်ရွက်ပေးပါလိမ့်မယ်။ အခုလို အင်ဂျင် နီယာဌာနက ပြန်ပြင်ဆောက်ရင်ရတယ် ဆိုတဲ့ ထုတ်ပြန်ချက် ထွက်လာတော့ ဈေးသူဈေးသားအားလုံး ပျော်နေကြတယ်"ဟု ဒေါ်ခင်သန်းဌေးက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေါ်ဖြူဖြူသင်းကို ဆက်သွယ်မေးမြန်းရာတွင် "ကျွန်မက အခု နေပြည်တော်ရောက်နေတော့ အင်ဂျင်နီယာ ဌာနရဲ့ ထုတ်ပြန်ချက်တွေကို မသိသေးဘူး။ ရန်ကုန်ပြန်ရောက်မှ သေသေချာချာမေးပြီး တော့မှ ဆက်ပြီး ဆောက်ရွက်ရမှာဖြစ်တယ်" ဟု ပြောသည်။ မင်္ဂလာဈေးအဆောက်အအုံခိုင်ခံ့မှု ရလဒ် ကို အလေးထားပြီး ခိုင်ခံ့မှုမရှိဘဲ အန္တရာယ်ရှိ နိုင်လျှင် အသစ်ပြန်လည်တည်ဆောက်မှုကို လက်ခံမည်ဖြစ်ပြီး ဆိုင်ခန်းကို ပိုင်ဆိုင်ခဲ့ သည့်အထပ်၊ နေရာတွင်သာ ပြန်လည်ရယူလို သည်ဟု မြသိင်္ဂီပါတိတ်ဆိုင်ပိုင်ရှင် မဒါလီလင်းက ပြောသည်။

"အခု အင်ဂျင်နီယာအသင်းက ခိုင်ခံ့ မှုရှိတယ်လို့ ထုတ်ပြန်လိုက်တော့ ပြန်လည် တည်ဆောက်မှုပဲ ပြုလုပ်မယ်လို့ ထင်တယ်။ အဆောက်အအုံက ခိုင်ခံတယ်ဆိုရင်တော့ ပြုပြင်မှုတွေမြန်မြန်လုပ်ပြီးတော့ ဈေးမြန်မြန် ပြန်ရောင်းရမှ အားလုံးအတွက် အဆင်ပြေမှာပါ။ ယာယီဆိုင်ခန်းနေရာကလည်း ဈေးရောင်းဖို့အဆင်မပြေဘူး။ အဲဒီလိုနေရာမျိုးမှာ ကြာရှည်ဈေးရောင်းဖို့ ဆိုတာက လည်း မဖြစ်နိုင်ဘူး" ဟု ၎င်းက ပြောသည်။ အဆင့်မြင့်မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ မေလတွင် ပထမအကြိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဒုတိယအကြိမ် ထပ်မံမီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ပေါင်း ၁,၆၀၀ ကျော် ပျက်စီးခဲ့၍ တန်ဖိုး ငွေကျပ် သိန်းပေါင်း ၃၆,၀၀၀ ကျော် ဆုံးရှုံးခဲ့သည်။


Source : http://myanmar.mmtimes.com

Facebook comments