နေပြည်တော်မှာ ကျူးကျော်တွေကို တရားမစွဲဘဲ ညှိနှိုင်းမှုနဲ့ ဖြေရှင်းပေးနေ

အခုအစိုးရလက်ထက် နေပြည်တော်မှာ ကျူးကျော်နေထိုင်သူတွေကို တရားမစွဲတော့ဘဲ ညှိနှိုင်းဖြေရှင်းတဲ့ ပုံစံနဲ့ ပဲ ဆောင်ရွက်ပေးမှာ ဖြစ်တယ်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးမင်းသူက “နေပြည်တော်မှာ မြေယာသိမ်းဆည်းမြေများ နှင့် ဆက်နွယ်ပြီးတော့ ဒေသခံများကို တရားစွဲတဲ့ ကိစ္စတွေကို ရပ်တန့်ခိုင်းခြင်းနဲ့ ပထမဆုံး ဖြေရှင်းဆောင်ရွက် ပေးပါတယ်” လို့ ပြောပါတယ်။

နေပြည်တော် စည်ပင်က သိမ်းဆည်းထားတဲ့ မြေယာများပေါ်မှာ မူလပိုင်ရှင်များက ခြံစည်းရိုးခတ်ခြင်း၊ သီးပင် များ ပြန်လည် စိုက်ပျိုးခြင်းများ ပြုလုပ်ကြတာကြောင့် စည်ပင်သာယာရေး ကော်မတီက ကျူးကျော်ပုဒ်မ ၂၆နဲ့ တရားစွဲဆိုခဲ့တာတွေ အရင်အစိုးရ လက်ထက်က ဖြစ်ပွားခဲ့ပါတယ်။

နေပြည်တော်မှာ ကျူးကျော်သူအများစုက မူလပိုင်ရှင်တောင်သူတွေက မြေအစားထိုး လျော်ကြေး ပြန်မရခဲ့ သူ တွေနဲ့ လျော်ကြေးရပြီးလည်း တခြားအလုပ် မလုပ်တတ်တာကြောင့် သူတို့မြေ သူတို့လာပြန် စိုက်ပျိုးနေထိုင် ကြခြင်းကနေ ကျူးကျော်အဖြစ် ရောက်ရသူ များပါတယ်။

အစိုးရသစ်ရဲ့ ဖြေလျှော့မှုအပေါ် အခွင့်ကောင်းယူ ကျူးကျော်တွေ မတိုးလာရေးနဲ့ နိုင်ငံတော်ရဲ့ ကျုးကျော်ပြ ဿနာ ဖြေရှင်းနိုင်ရေး မူဝါဒအရ ကျူးကျော်စားရင်းတွေကိုလည်း နေပြည်တော် ရှစ်မြို့နယ်မှာ ကောက်ယူ လျက် ရှိနေပါတယ်။

ဇမ္ဗူသီရိမြို့နယ်မှ ပုဒ်မ ၂၆နဲ့ တရားစွဲဆိုခံရပြီး အမှုပိတ်သိမ်းခံရသူ ဦးသန်းထွန်းအောင်က “ကျွန်တော်တို့ဆီကို နေပြည်တော်စည်ပင်သာယာရေး ဇမ္ဗူသီရိမြို့နယ် တရားရုံးက ၂၇-၇-၂၀၁၆ ရက်နေ့မှာ အမှုပိတ်သိမ်းပါတယ် ဆိုတဲ့ စာရွက် ရောက်လာတယ်၊ အဲ့ဒီကတည်းက ကျွန်တော်တို့လဲ ဆက်ပြီး လုပ်စားနေတာ၊ အခုချိန်ထိတော့ ဘာမှ လာမပြောသေးဘူး” လို့ ပြောပါတယ်။
“ကျွန်တော်တို့ဆီက သိမ်းသွားတဲ့ မြေယာပေါ်မှာပဲ ခြံစည်းရိုးခတ်တယ်၊ သီးပင်စိုက်စားတယ်၊ အဲ့ဒီတော့ တ ရားစွဲတယ်၊ တရားရင်ဆိုင်ရင်းနဲ့ပဲ သီးပင်စိုက်စားတယ်၊ ဒီလိုနဲ့ပဲ လုံးရှာလိုက်ရင်းကနေ အခုတော့ ဘယ်သူမှ တရားရင်ဆိုင်ရတဲ့သူ မရှိတော့ဘူး” လို့ သူကပဲ ဆက်ပြောပါတယ်။

အစိုးရသစ်လက်ထက် နေပြည်တော်ကောင်စီ ဖွဲ့စည်းပြီး နောက်မှာ တရားစွဲဆိုခံရတဲ့ တောင်သူကိုးဦး ရှိခဲ့ပြီး ယခင်အစိုးရလက်ထက်က တရားစွဲဆိုခဲ့တဲ့ အမှုမှာ ၄၃မှု ဖြစ်ပါတယ်။ စုစုပေါင်း တရားစွဲဆိုခံရတဲ့ တောင်သူအ ရေအတွက်မှာ ၅၂ မှုလုံးကို အမှု ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်တယ်။

တောင်သူတွေဟာ အမှုရင်ဆိုင်နေချိန်မှာ သီးပင်စိုက်ပျိုးထားပေမဲ့ အမှုချိန်းရက်မှာ တရားရုံးကို လာရောက်ရာ မှာ စီးပွားရေး အဆင်မပြေတာ တွေ့ရပါတယ်။

ဒက္ခိဏသီရိမြို့နယ်မှာ ပုဒ်မ ၂၆နဲ့ တရားစွဲဆိုခံထားရပြီး အမှုက ရုတ်သိမ်းခံရသူ ဦးမင်းနိုင်က “အခုလို အမှု တွေ ပိတ်သိမ်းပေးတာတော့ တကယ်ဝမ်းသာတယ်၊ မဟုတ်ရင် အလုပ်ကို ကောင်းကောင်း မလုပ်ရဘူး၊ ဒီစိုက် ခင်းက ပဲဖိုးမကဘူး၊ အလုပ်ပျက်စရိတ်၊ လာရတဲ့ စရိတ်နဲ့ တွက်ကြည့်ရင်ပေါ့နော်၊ အခုလဲ ဘာမှတော့ ပြတ် ပြတ်သားသား မသိရသေးဘူး၊ ဒါပေမဲ့ တောင်သူတွေကတော့ အဆင်ပြေနေပါတယ်။” လို့ ဆိုပါတယ်။

အခုအစိုးရလက်ထက်မှာ မြေကွက်အသစ်ဖော်ထုတ်တာမျိုး မရှိဘဲ အရင်အစိုးရလက်ထက်ကတည်းက မြေ ကွက်တွေကို အသစ်ရိုက်ခဲ့ပြီး ဝန်ထမ်းတွေကိုပါ ပေးခဲ့ပြီး ဖြစ်တာကြောင့် အသစ်ထပ်ရိုက်စရာ မြေနေရာလည်း မရှိတော့တဲ့ အနေအထားမှာ နေပြည်တော်စည်ပင်က တောင်သူတွေကို မြေနေရာအစားပိုက်ဆံကိုသာ ပေး နိုင်မှာ ဖြစ်တယ်လို့လည်း နေပြည်တော်မှ အိမ်ခြံမြေ အကျိုးဆောင်တချို့က သုံးသပ်ပြောကြားပါတယ်။

ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိက တောင်သူတွေကို နေပြည်တော်စည်ပင်က မြေယာလျော်ကြေးကိစ္စအ တွက် ညှိနှိုင်းဖို့ဆိုပြီး အစည်းအဝေးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


Source:The Modern

Facebook comments