ဗိုလ်တထောင်မြို့နယ်တွင် ငှားရမ်းမြေများ လျော်ကြေးရရှိရန် လေးနှစ်ကြာ ဆန္ဒပြနေခြင်းကို မှန်မမှန် စစ်ဆေးကာ မမှန်ပါက ၎င်းတို့အား အရေးယူနိုင်ပြီး မှန်ကန်ပါက အမြန်ဆုံး ပြန်လည်ပေးအပ်ရန်

ငှားရမ်းမြေယာများ လျော်ကြေးနစ်နာကြေးရရှိရန် လေးနှစ်ကြာ ဆန္ဒပြနေခြင်းကို မှန်မမှန် စစ်ဆေးကာ မမှန်ပါက အရေးယူပြီး မှန်ကန်ပါက အမြန်ဆုံး ပြန်လည်ပေးအပ်ရန် ဆန္ဒထုတ်ဖော်သူများက ဇန်န၀ါရီ  ၂၆ ရက်တွင် တောင်းဆိုခဲ့ကြသည်။

ထိုနေ့ ဆန္ဒပြမှုကို ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်မှ အိုးအိမ်ဦးစီးဌာနရှေ့အထိ လမ်းလျှောက်ခဲ့ခြင်းဖြစ်ပြီး လေးနှစ်တာ ကာလအတွင်း ၂၃ ကြိမ်မြောက် ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကတော့ ၂၀၁၃ ခုနှစ် တစ်လပိုင်းကတည်းက ဒီဆန္ဒပြမှုကို ဦးဆောင်နေတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်နေတာ ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းမှာ နေပါတယ်။ ဒီကိစ္စနဲ့ ဆန္ဒပြလာတာ လေးနှစ်လောက်ရှိပြီ။ မြေပိုင်ရှင် ၆၀ လောက် ကျန်ရှိနေသေးတဲ့အတွက် ၂၃ ကြိမ်မြောက် ဆန္ဒပြတာပါ။ လမ်းဘေးမှာ ဆန္ဒထုတ်ဖော်တာ တိုင်းပြည်မှာ သိက္ခာကျသလို ကျွန်တော်တို့လည်း သိက္ခာကျတယ်။ ဆန္ဒပြတာကို နားမလည်ရင် ရှုတ်ချမယ်။ နားလည်တဲ့သူက ချီးကျုးမယ်။ ဒါပေမဲ့ ကျွန်တော်တို့က မှန်လို့ဆန္ဒပြနေတာ။ ဒီအစိုးရလက်ထက် ကိုးလအတွင်းမှာ ငါးကြိမ်မြောက် ရှိပါပြီ။ ဒါကိုမသိဘဲ နေမလား။ Report တွေ တက်တာပဲ။ ဗမာပြည် တစ်ပြည်လုံးမှာ ဆန္ဒပြနေတဲ့သူတွေကို သက်ဆိုင်ရာ ၀န်ကြီးချုပ်တွေက အောက်ခြေအထိဆင်းပြီး ဆောင်ရွက်ပေးပါ။ ကျွန်တော်တို့နဲ့ တွေ့ပေးပါ။ ကျွန်တော် မှန်တာပြောတဲ့အတွက် မကြောက်ဘူး။ ဦးသိန်းစိန် လက်ထက်ကဆို မြို့တော်ခန်းမမှာ သပိတ်စခန်းဖွင့်မှ နယ်လုံဝန်ကြီးတွေ ဆင်းလာတယ်။ ကိုယ်စားလှယ်တွေ ဆင်းလာတယ်။ အသည်းအသန် ဆင်းလာတယ်။ အခုလိုဟာမျိုး ရိုးရိုးသားသားပြတော့ ဘယ်သူမှမလာဘူး။ ပြဿနာဆိုတာက အမှိုက်ကစ ပြသာပ်မီးလောင်တယ်။ စတဲ့အမှိုက်ကို မစအောင် မီးမလောင်အောင် ငြှိမ်းပေးရမယ်။ အခုဟာက မီးဟုန်းဟုန်းတောက်မှဝင်ပြီး ငါတို့လုပ်ပေးမယ်။ ငါတို့ရှင်းပေးမယ်။ ငါတို့တာဝန်ယူမယ်။ သပိတ်စခန်းတွေသိမ်းဆိုတာ ဒါမျိုးမလုပ်ရဘူး။ ကျွန်တော်တို့ပြောတာ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ကို အရေးယူပါ။ ကျွန်တော်တို့ခံရဲတယ်။ ပြည်သူလူထုတောင် မှန်တာလုပ်ရဲ၊ မှန်တာပြောရဲရင် တိုင်းပြည်အုပ်ချုပ်တဲ့လူတွေ မှန်တာလုပ်ပေးပါ။ ကျွန်တော်တို့မြေတွေကို အမြန်ဆုံးပြန်ပေးပါ။ ကျွန်တော်တို့ မြေပိုင်ရှင်တွေကို လာတွေ့ပေးပါ။ ထိပ်တိုက်တွေ့ပေးပါ။ တောင်းဆိုပါတယ်” ဟု အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သူ ဦးမြင့်အောင်က ပြောကြားသည်။

ထိုသို့ဆန္ဒထုတ်ဖော်စဉ်တွင် ကြွေးကြော်သံများလည်း ဟစ်ကြွေးခဲ့ကြသည်။ အဆိုပါမြေများကို ၁၉၄၇ ခုနှစ်တွင် ကာကွယ်ရေး ၀န်ကြီးဌာနက ၁၉၆၄ ခုနှစ်အထိ တရားဝင် ငှားရမ်းသုံးစွဲခဲ့ကြောင်း၊ ယင်းနောက်  မူလမြေပိုင်ရှင်များကို လွှဲပြောင်းမပေးခဲ့ဘဲ အိုးအိမ်ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ အိုးအိမ်ဦးစီးဌာနမှ တစ်ဆင့် ထောက်ပံ့ရေးနှင့် သမ၀ါယမဌာန၊ ကုန်သွယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေးသို့ ဆက်လက်ငှားရမ်း သုံးစွဲခွင့် ပြုခဲ့ကြကြောင်း၊ ငှားရမ်းခများကို တရားဝင် ပေးချေခဲ့ကြသဖြင့် အထက်ပါ မြေပိုင်ရှင်များ အနေဖြင့် ၁၉၉၄ ခုနှစ် ဇွန်လအထိ ရရှိခဲ့ကြောင်း၊ ယင်းနောက် အိုးအိမ်ဦးစီးဌာနက မြေပိုင်ရှင် ၂၇၇ ဦးအတွက် နစ်နာလျော်ကြေး အနေဖြင့် တိုက်ခန်းတစ်ခန်းနှင့် တစ်ပေပတ်လည်ကို လေးသောင်းနှုန်းဖြင့် လျော်ကြေးပြန်လည် ပေးခဲ့သော်လည်း လူ ၂၀ ဦးခန့်မှာ ယနေ့အထိ မရရှိသေးကြောင်း ဆန္ဒပြသူများက ပြောကြားသည်။

“တိုင်းပြည်က ခေတ်အဆက်ဆက် ပြောင်းလဲလာပြီ။ ဦးသိန်းစိန် လက်ထက်ကလည်း ဆန္ဒပြခဲ့တယ်။ အခုအစိုးရ လက်ထက်မှာလည်း သက်တမ်းကိုးလ ရှိနေပြီ။ ဆန္ဒထုတ်ဖော်ခဲ့တယ် မရခဲ့ဘူး။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အကြိမ်ကြိမ် စာတင်တာ မရခဲ့ဘူး။ ကျွန်တော့်ဆီမှာ လက်ခံတွေ ရှိပါတယ်။ အခုဒေါ်စုက ၀န်ကြီးချုပ်တွေကို များများခိုင်းပါ။ မခိုင်းရင် ပျင်းနေမယ်တဲ့။ အခု ကျွန်တော် ဒီအစိုးရ လက်ထက်မှာ ဆန္ဒပြခဲ့တာ ငါးကြိမ်။ ကျွန်တော်တို့က ၀န်ကြီးတွေ အပျင်းပြေအောင် ဆန္ဒပြသလို ဖြစ်နေတယ်။ ကျွန်တော်တို့ နိုင်အောင်မဲပေးခဲ့တယ်။ ကျွန်တော်တို့ကို လုပ်ပေးမယ်လို့ပြောတယ်။ အနာဂတ်ထိအောင် လုပ်ပေးမယ်လို့ ပြောတယ်။ လက်ရှိပစ္စုပ္ပန်မှာ လက်တွေ့ကျကျ လုပ်မပေးနိုင်ဘူး။ ဦးသိန်းစိန် လက်ထက်မှာလည်း ပြည်သူပိုင်မြေတွေ ပြည်သူပြန်ရရမယ် ပြောတယ်။ ဒါကို နိုင်ငံတော် အကြီးအကဲတွေ မသိဘူးလား” ဟု ဆန္ဒထုတ်ဖော်သည့် အဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က မီဒီယာများကို ဆက်လက် ပြောကြားသည်။

Source : Eleven Media Group

Facebook comments