တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ယူပါက အခွန်အခများ ကင်းလွတ်ခွင့်ပြုရန် အစိုးရစီစဉ်

တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ယူပါက ဝယ်သူက ပေးဆောင်ရသော အခွန်အခများကို ကင်းလွတ်ခွင့်ပြုရန် အစိုးရက စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးလင်းက ပြောသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေအပါအဝင် အစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ဇန်နဝါရီ ၁၃ ရက်က တွေ့ဆုံခဲ့စဉ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက တန်ဖိုးနည်းအိမ်ရာဝယ်ယူသူများ အဆင်ပြေစေရန် အခွန်များကို အတတ်နိုင်ဆုံး လျှော့ပေးသည့်အနေဖြင့် တံဆိပ်ခေါင်းခွန်ဖိုးမှလွဲ၍ ကျန်အခွန်အခများကို ကောက်ခံမည်မဟုတ်ဟု လုပ်ငန်းရှင်များကို ပြောကြားခဲ့ကြောင်း ဦးအေးလင်းက အဆိုပါပွဲအပြီးတွင် မီဒီယာများကို ပြောသည်။

''ဥက္ကဋ္ဌကြီးက ဝန်ကြီးကို သေချာတင်ပြတဲ့အခါ ဝန်ကြီးဦးကျော်ဝင်းက ဝယ်ယူသူပြည်သူတွေ အဆင်ပြေစေဖို့ အတတ်နိုင်ဆုံးအခွန်ကို ဖြေလျှော့ပေးမယ်လို့ ပြောပါတယ်''ဟု ဦးအေးလင်းက ပြောသည်။

တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူသူများအတွက် အဆိုပါ အခွန်ကင်းလွတ်ခွင့်ပေးခြင်းကို မည်သည့်အချိန်တွင် စတင်အကျိုးသက်ရောက်မည်ကို ယခုအချိန်တွင် တိတိကျကျ မသိရှိရသေးကြောင်း ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ပြောသည်။

အကျယ်အဝန်း စတုရန်းပေ ၆ဝဝ ထက် မကျော်လွန်သောအိမ်ရာများကို တန်ဖိုးနည်းအိမ်ရာဟု သတ်မှတ်မည်ဖြစ်ပြီး အိမ်ရာများကို တစ်စတုရန်းပေလျှင် ကျပ်ငွေ ၂၃,ဝဝဝ ခန့်ဖြင့် ရောင်းချနိုင်ကြောင်း ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက အဆိုပါတွေ့ဆုံပွဲတွင်  အစိုးရတာဝန်ရှိသူများကို တင်ပြခဲ့သည့်အတွက် တန်ဖိုးနည်းတိုက်ခန်းတစ်ခန်းလျှင် ကျပ်ငွေ သိန်း ၁၅ဝ အောက် လျော့နည်းမည်ဖြစ်ကာ စတုရန်းပေ ၅ဝဝ ခန့်ရှိပါက တိုက်ခန်းတစ်ခန်းလျှင် ကျပ်ငွေ သိန်း ၁၂ဝ ခန့်ရှိမည်ဖြစ်သည်။

အစိုးရသစ် တာဝန်ယူပြီး ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်အတွင်း အိမ်ရာဖွံ့ဖြိုးမှု ငါးနှစ်တာ စီမံကိန်းအဖြစ် အိမ်ရာအခန်းပေါင်း ၁ ဒသမ ၈ သိန်းခန့် တည်ဆောက်သွားမည်ဖြစ်ပြီး ပထမ နှစ်နှစ်အတွင်း တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း၁ဝဝ ခန့်ရှိသော တန်ဖိုးနည်းတိုက်ခန်း အခန်းပေါင်း ၈,ဝဝဝ ကျော်ကို စတင်တည်ဆောက် ရောင်းချမည်ဖြစ်ကာ မကြာမီအချိန်အတွင်း တန်ဖိုးနည်းတိုက်ခန်း ၂,၂ဝဝ ကို အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့သောလကုန်ပိုင်းက ကျင်းပခဲ့သော ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမိတ်ဆက်ပွဲတွင် ပြောခဲ့သည်။

ရန်ကုန်မြို့တွင် အိမ်ရာပိုင်ဆိုင်မှု မရှိဘဲ အိမ်ငှားနေထိုင်ရသူများ များပြားနေဆဲဖြစ်ပြီး စီးပွားရေး မပြေလည်ခြင်းကြောင့် မိသားစုပါ မပြေလည်ဖြစ်နေရသူများ ရှိနေကြောင်း ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ဒုဥက္ကဋ္ဌဖြစ်သူ တော်ဝင် ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးကိုကိုထွေးက ပြောသည်။

''အခြေခံလူတန်းစားတွေ၊ အိမ်မဲ့ရာမဲ့ဖြစ်နေတာတွေ၊ အိမ်အတွက် အကုန်အကျ များနေရတာတွေကို ဖြေလျှော့လိုက်ရင် သူတို့အတွက် အသက်ရှူပိုချောင်လာတာပေါ့။  သူတု့ိရဲ့ စားဝတ်နေရေးအတွက်၊ ပညာရေး၊ ကျန်းမာရေးအတွက် ပိုသုံးလာနိုင်တာပေါ့။ အဲဒါတွေက မိသားစု အရေးထိတောင် သက်ဆိုင်ပါတယ်။ စီးပွားရေးမပြေလည်လို့ မိသားစု မပြေလည်သူတွေပါ အများကြီးရှိနေပါတယ်''ဟု ၎င်းက ပြောသည်။

ထို့ကြောင့် မိသားစု လူဦးရေ မများသော အခြေခံလူတန်းစားများအတွက် ဈေးနှုန်းသက်သာစွာဖြင့် အိမ်ပိုင်ဝယ်ယူနိုင်စေရန် စတုရန်းပေ ၃ဝဝ ခန့်ရှိသော တိုက်ခန်းများကို သိန်း ၆ဝ ခန့်ဖြင့် ရောင်းချနိုင်ရန် တင်ပြထားကြောင်း ဦးကိုကိုထွေးက ပြောသည်။ ''တစ်စတုရန်းပေကို ကျပ် ၂၃,ဝဝဝ နဲ့ ရောင်းမယ်ဆိုရင် စတုရန်းပေ ၅ဝဝ ဆိုရင် တိုက်ခန်းတစ်ခန်းကို ၁၁၅ သိန်းတို့၊ ၁၂ဝတို့ ကျတာပေါ့။ ကျွန်တော်တင်ပြထားတာ တစ်ခုရှိတယ်။ အဲဒါက တိုက်ခန်းတစ်ခန်းကို စတုရန်းပေ ၃ဝဝ လောက်ရှိတော့ သိန်း ၆ဝ လောက်ကျတာပေါ့။ ဓာတ်လှေကားတို့၊ ဆေးခန်းတို့၊ ဘာတို့ပါ စတဲ့လိုအပ်တဲ့ facility တွေ ထည့်ပေးတော့မှ ဒီဈေးလောက်ကျမှာပါ။ ဒါကတော့ အသင်းအနေနဲ့မဟုတ်ဘဲ ကျွန်တော့်အနေနဲ့ တင်ပြတာပါ''ဟု ၎င်းက ပြောသည်။

တန်ဖိုးမြင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်အိမ်ရာများ ဝယ်ယူရာတွင် အိမ်ရာတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းခန့်အထိ အခွန်ပေးဆောင်နေရပြီး ထိုကဲ့သို့ အခွန်တန်ဖိုးကြီးမြင့်ခြင်းကြောင့်လည်း တိုက်ခန်းအရောင်းအဝယ်ဈေးကွက် ကျဆင်းနေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

Source : The Myanmar Times

Facebook comments