နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် သီလ၀ါ အထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်ရေး၊ တင်ပြထားသည့် အဆိုပြုလွှာများ အမြန်ဆုံး ခွင့်ပြုပေးနိုင်ရေးနှင့် အဆိုပြုလွှာ အသစ်များ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန်အတွက် သီလဝါ အထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရေး၊ တင်ပြထားသည့် အဆိုပြုလွှာများကို အမြန်ဆုံး ခွင့်ပြုပေးနိုင်ရေးနှင့် အဆိုပြုလွှာ အသစ်များ ထပ်မံရရှိရေး စသည့်နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

“နည်းလမ်းသုံးသွယ်ပေါ့။ သီလဝါကို Promotion ဆက်လုပ်မယ်။ လက်ထဲမှာ ရောက်နေတဲ့ Proposal တွေကို ခွင့်ပြုမိန့်မြန် မြန်ပေးနိုင်အောင် ဆောင်ရွက်မယ်။ တတိယကတော့ Proposal အသစ်တွေ ဒီဘဏ္ဍာနှစ်ထဲမှာ  ထပ်ပြီးဝင်လာအောင် နည်းလမ်းသုံးသွယ်နဲ့ ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လာရောက်တင်ပြထားသည့် အဆိုပြုလွှာ ၅၂ စောင်မှ ပမာဏဒေါ်လာ သုံးဘီလျံနီးပါး ခွင့်ပြုရန် ကျန်ရှိနေသေးကြောင်းနှင့် အဆိုပါ အဆိုပြုလွှာ ၅၂ စောင်ကို ပြီးပြတ်အောင် ခွင့်ပြုနိုင်ခဲ့ပါက ယခုဘဏ္ဍာနှစ်အတွင်း ဝင်ရောက်ရန် လျာထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက်ထက် ကျော်လွန်နိုင်ကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်းစုံမှ စက်မှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းပေါင်း ၉၀၀ ကျော်အထိ ဝင်ရောက်မြှုပ်နှံထားကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ခြောက်ဘီလျံ ဝင်ရောက်ရန် ခန့်မှန်းထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့မှုသည် ၂၀၁၆ ဒီဇင်ဘာလလယ် အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၇၈ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်းပေါင်း ၂၁၄၆ ဒသမ ၉၄၃ ဖြစ်ပြီး ရင်းနှီးမြှုပ်မှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်းပေါင်း ၃၄၆၀ ဒသမ ၇၇၂ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သို့သော် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခင်နှစ်ကာလတူထက် လျော့နည်းနေသေးသည်။ ယင်းကဲ့သို့ လျော့နည်းနေခြင်းနှင့် ပတ်သက်ပြီး “Impact ကတော့ ကြီးကြီးမားမား မရှိပါဘူး။ ကျွန်တော်တို့က National Plan အပေါ်မှာ မူတည်ပြီးတော့ Long Term National Plan မှာ နှစ်စဉ်လျာထားချက်တွေ ထုတ်ထားတာ ရှိပါတယ်။ အဲဒီ National Plan ပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့က Investment Plan ကို လုပ်ရတယ်။ ခြောက်ဘီလျံ မပြည့်ရင်တော့ Investment Plan မှာ နည်းနည်းလေး အောက်ရောက်သွားပြီး National Plan မှာ နည်းနည်း Impact တော့ရှိတယ်။ သို့သော် ကျွန်တော်တို့က Recovery Plan ရှိပါတယ်။ National Plan က ၂၀၁၁ ကနေ ၂၀၃၀ အထိ နှစ် ၂၀ စာ ဆွဲထားတာ ဖြစ်တဲ့အတွက် ဒီနှစ်မှာ လျော့သွားရင် နောက်နှစ်မှာ ထပ်ပြီး Recovery ပြန်ရအောင် လုပ်ပါတယ်။ ဒီတစ်နှစ်ထဲ လျော့သွားလို့ Impact က သိပ်ကြီးကြီးမားမား မရှိပါဘူး” ဟုလည်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

ှSource : Eleven Media

Facebook comments