ရန်ကုန်မြို့လယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရောက်ရှိလုပ်ကိုင်နေသည့် တရားမ၀င် နိုင်ငံခြားသားအလုပ်သမားများအား နိုဝင်ဘာ တတိယပတ်မှ စတင်စစ်ဆေးတော့မည်

ရန်ကုန်မြို့လယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသည့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများကို နိုဝင်ဘာ တတိယပတ်မှစ၍ စစ်ဆေး
မည်ဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။
 
ထိုသို့ဝင်ရောက်စစ်ဆေးနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနရှိ ဆောက်လုပ်ရေးလုပ်ငန်း စာရင်းများကို တရားဝင်တောင်းခံ
မည်ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။
 
“အစ်ကိုတို့ အဲဒီကိစ္စကို ရှေ့အပတ်ထဲ လောက်မှာ ၀င်စစ်မယ်။ စည်ပင်မှာ အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းစာရင်းတွေ တောင်းမယ်။ ဒီကိစ္စကို အစ်ကိုနဲ့ ကျောက်တံတား လွှတ်တော်ကိုယ်စားလှယ်ပူးပေါင်းပြီး စလုပ်မယ်။ အဓိက ကတော့ အစ်ကိုတို့က ၅၀၀၀ တန် ဆိုင်တွေကိုပါ ၀င်စစ်ရင်းနဲ့ မြို့လယ်ခေါင်က ဆောက်လုပ်ရေး လုပ်ငန်း
တွေကို အရင်စစစ်မှာပေါ့” ဟု ဦး သန်းနိုင်ဦးက ပြောကြားသည်။
 
ယင်းသို့စစ်ဆေးရန်အတွက် သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ မြို့နယ်အခွန်၊ လ၀ကတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ ၀င်ရောက်
စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
 
ယင်းသို့ ၀င်ရောက်စစ်ဆေးရာတွင် တရားမ၀င်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သားများတွေ့ရှိပါက လတ်တလောတွင် အရေးယူမည်မဟုတ်ဘဲ ပညာပေး၊ 
အသိပေးသည့်အဆင့်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
“သူတို့ ဒီကိုဘယ်လိုဗီဇာနဲ့လာတယ်။ ဘယ်လို လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတာတွေကို သူတို့ကို စစ်ဆေးမှာပါ။ သူတို့ကို အတင်းအကျပ်ကြီး မဟုတ်ဘဲ အစ်ကိုတို့က သတိပေး၊ ပညာပေးတဲ့ သဘောပေါ့။ အရေးယူဖို့မဟုတ်ပါဘူး။ အဓိက ကတော့ အရေးယူဖို့ကို အရင်မသွားဘူး။ အရင်ကတည်းက လျော့နည်းခဲ့တဲ့ စည်းကမ်းတွေကို
 ပြန်လည်ထိန်းသိမ်းဖို့ပါ။ ဒီနိုင်ငံမှာ စီးပွားရေးလာလုပ် မယ်ဆိုရင် ဘယ်လိုမျိုးတွေနဲ့မှ လာလုပ်လို့ ရတယ်ဆိုတာကို အဓိကထားပြောမှာပေါ့။ နောက်တစ်ခါဆိုရင်တော့ အရေးယူမှုအပိုင်း တွေလာမှာပေါ့” ဟု ဦးသန်းနိုင်ဦးက ဆက်လက် ပြောကြားသည်။
 
ယင်းကဲသို့သော တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများသည် ရန်ကုန်မြို့လယ် ပန်းပဲတန်းမြို့နယ်ရှိ ယခင်ဗိုလ်ချုပ်လဟာပြင် ဈေးနေရာတွင် ဆောက်လုပ်နေသည့် Junction City စီမံကိန်း၊ စမ်းချောင်းနှင့်  ကမာရွတ်မြို့နယ်ရှိ Time City ၊ ဆူးလေရှိ  Sule Square စသည့် အဆင့်မြင့် အဆောက်အအုံများတွင် ၀င်ရောက်လုပ်ကိုင်နေကြပြီး နိုင်ငံသားများထက် လစာများစွာရရှိကြောင်း၊ တရားမ၀င် လုပ်ကိုင်နေသူများကြောင့် တိုင်းပြည်အတွက် အခွန်မရရှိကြောင်းနှင့် ထို့ ကြောင့် ၎င်းတို့ကို ၀င်ရောက်စစ်ဆေးရန် လုပ်ဆောင်နေကြောင်း သိရသည်။
 
အလားတူ ရန်ကုန်မြို့၌ ပျံ့နှံလာသော ကြိုက်တာယူကျပ် ၅၀၀၀ တန်ဆိုင်များတွင် တရားမ၀င် တရုတ်လူမျိုး အလုပ်သမားများ လုပ်ကိုင်နေခြင်း ရှိမရှိကိုလည်း ၀င်ရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်မြို့တွင် လာရောက်လုပ်ကိုင်နေသည့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများအနက် တရုတ်နှင့် ဗီယက်နမ် လူမျိုးအများဆုံးဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  စက်မှု၊ ဟိုတယ်ခရီး၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ အားကစား၊ စီးပွားကူးသန်းစသည့် ကဏ္ဍများတွင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားများမှာ တရားဝင်စာရင်း အရ ၃၉၂၈ ဦးရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ နှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ ၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားထားသည်။

Source: Eleven Media Group

Facebook comments