ညှိနှိုင်းမှုအဆင်မပြေပါက သီလ၀ါဒုတိယစီမံကိန်းရပ်ဆိုင်းမည်ဟုဆို

အစိုးရနှင့် ဒေသခံများအကြား ညှိနှိုင်းဆောင် ရွက်မှု အဆင်မပြေပါက သီလ၀ါ အထူးစီးပွားရေးဇုန်၏ ဒုတိယမြောက် စီမံကိန်းများကို ရပ်ဆိုင်းသွားမည် ဖြစ်သည်ဟု မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးတိုးတက်ရေးလီမိတက် MJTD ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ တကာရှီက မီဒီယာများကို ပြောကြားလိုက်သည်။

လက်ရှိတွင် သီလအထူးစီးပွားရေးဇုန်စီမံ ကိန်းဟက်တာ ၄၀၀ ပထမစီမံကိန်း၏ အကောင်အထည်ဖော်မှုသည် ၉၅ ရာခိုင်နှုန်း ပြီးစီးထားပြီးဖြစ်သည်။ ထို့အတွက် ဒုတိယမြောက် စီမံကိန်း မြေဟက်တာ ၂,၀၀၀ အတွင်း မှ စီမံကိန်း အကောင်အထည်ဖော်မှုများကို စတင်နိုင်ရန်အတွက် လုပ်ဆောင်နေသော်လည်း ၎င်းဧရိယာအတွင်းနေထိုင်သည့် ဒေသ ခံများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ အဆင် ပြေသည်အထိ စောင့်ဆိုင်းသွားမည်ဟု မစ္စတာ တကာရှီက ပြောသည်။

မစ္စတာ တကာ ရှီပါဝင်သော မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုး တိုးတက်ရေးလီမိတက်အဖွဲ့သည် သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်းရှိ ကုမ္ပဏီရုံးတွင် မီဒီယာများနှင့် အောက်တိုဘာ 
၁၈ ရက်တွင် တွေ့ဆုံခဲ့ပြီး ထိုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

"သီလ၀ါရဲ့ ဒုတိယစီမံကိန်းဟာ မြန်မာ နိုင်ငံရဲ့စီးပွားရေး ပိုပြီးကောင်းမွန်လာဖို့ အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ အထောက်အကူ ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒါ ကြောင့် လုပ်ငန်းကို အမြန်ဆုံး အကောင် အထည်ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ ဒေသခံတွေအကြားမှာ ညှိနှိုင်းဆောင် ရွက်ရမယ့်ကိစ္စတွေ ရှိနေပါသေးတယ်။ ဒေသခံတွေအတွက် ပြန်လည်နေရာချထားရေး ကိစ္စတွေဟာ အစိုးရက လုပ်ရမှာဖြစ်ပါတယ်။ ညှိနှိုင်းဆောင်ရွက်မှု အဆင်မပြေဘူးဆိုရင် တော့ စီမံကိန်း ရှေ့ဆက်မယ့်လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းတာမျိုးလည်း ရှိကောင်းရှိလာနိုင် ပါတယ်။ အစိုးရအဖွဲ့က ဖြေရှင်းပြီးလို့ နိုင်ငံ တော်ပိုင်မြေဖြစ်တော့မှသာ ကုမ္ပဏီက ပြန် လည်ငှားရမ်းလုပ်ကိုင်သွားမှာပါ"ဟု မစ္စတာ တကာရှီက ပြောသည်။

ဒုတိယမြောက် မြေဟက်တာ ၂,၀၀၀ စီမံ ကိန်းတွင်မူ ကနဦးအကောင်အထည်ဖော်မည့် မြေဧရိယာအား ၁၀၁ ဟက်တာ သတ်မှတ်ထားခြင်းဖြစ်သည်။

ယင်းအတွက် အစိုးရနှင့် ဒေသခံတို့အကြား ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေလျက်ရှိသည့်အပေါ် စောင့်ဆိုင်း နေသည်ဟုလည်း ၎င်းက ပြောသည်။

"အကောင်အထည်ဖော်တာကိုတော့ အမြန်ဆုံး စနိုင်ဖို့အတွက် ဆန္ဒရှိပါတယ်။ အခုချိန်က အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ကလည်း ဖယ်ရှားလိုက်တဲ့ အချိန်ဖြစ်နေတယ်။ မြေဟက်တာ ၄၀၀ ထဲမှာလည်း ရင်းနှီးမြှုပ်နှံ သူတွေကို ငှားရမ်းဖို့ မြေနေရာမရှိတော့ပါဘူး။ အဲဒါကြောင့် စီမံကိန်းအသစ်ကို အမြန်ဆုံးစနိုင်တာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူအများကြီးဖြစ်နိုင် မယ်ဆိုတာကို အစိုးရအဖွဲ့က သိနိုင်မယ်လို့ လည်းထင်ပါတယ်။ ဒေသခံတွေအနေနဲ့ စိတ်ကျေနပ်မှုမရှိဘဲ လုပ်ငန်းစတဲ့အခြေအနေမျိုး ကိုလည်း မဖြစ်ချင်ပါဘူး။ လုပ်ငန်းတိုးတက်လာသလို ဒေသခံတွေလည်း တိုးတက်လာတဲ့ စီမံကိန်းဖြစ်ဖို့အတွက်ပဲ မျှော်လင့်တာဖြစ်ပါ တယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

သီလ၀ါဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသခံ အဖွဲ့မှ တာဝန်ရှိသူများသည် စက်တင်ဘာ ၂၄ ရက်က ဂျပန်နိုင်ငံသို့သွားရောက်ကာ ဂျပန်နိုင်ငံဆိုင်ရာ နိုင်ငံတကာစီးပွားရေးအေဂျင်စီ ( JICA) တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ထိုကဲ့သို့ တွေ့ဆုံစဉ် သီလ၀ါအထူးစီးပွားရေးဇုန်၏ ပထမစီမံကိန်းဖြစ်သော မြေဧရိယာ ဟက်တာ ၄၀၀ စီမံကိန်းစတင်ချိန်က ပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများ၏ နစ်နာမှုဆိုင်ရာ ကိစ္စရပ်များအတွက် ပြန်လည်ဆောင်ရွက်ပေးရမည့်ကိစ္စများ အပြည့်အ၀ မရရှိသေးခြင်း အတွက် တောင်းဆိုမှုရှိခဲ့သည်။ ထို့အတူ ယခု ဒုတိယစီမံကိန်းတွင် ယခင်စီမံကိန်းကဲ့သို့ မဖြစ်ပေါ်စေရန် တောင်းဆိုမှုများ ဆောင်ရွက် ခဲ့ကြောင်း သီလ၀ါ ဒေသဖွံ့ဖြိုးတိုးတက်ရေးဒေသခံအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမြလှိုင်က ပြောသည်။

"ပထမမြေဟက်တာ ၄၀၀ မှာ ပါဝင်ခဲ့တဲ့သူတွေတောင်မှ အခုချိန်ထိ ပြန်လည်နေရာချ ထားရေးအတွက် ရသင့်ရထိုက်တဲ့ကိစ္စတွေ မပြီးပြတ်သေးဘူး။ ဒါကို ဒုတိယစီမံကိန်းစဖို့ အတွက် ပြင်ဆင်နေတာတွေ့ရတယ်။ တကယ် လို့ နိုင်ငံတော် အစိုးရအဖွဲ့က လျစ်လျူရှုရင် တောင်မှ ဂျပန်နိုင်ငံက မြန်မာအစိုးရအဖွဲ့ကို အဲဒီလိုမျိုးမလုပ်ဖို့အရေး တွန်းအားပေးဖို့ သွားပြီးတောင်းဆိုခဲ့တာပါ"ဟု ဦးမြလှိုင်က ပြောသည်။

မြေဟက်တာ ၄၀၀ ပထမစီမံကိန်းအတွင်း ပါဝင်ခဲ့သည့် ဒေသခံအိမ်ထောင်စု ၈၁ ခု အတွက် မြေပြန်လည်နေရာချထားသော မြိုင် သာယာ(၃)ကျေးရွာ၊ ဂျပန် ကွက်သစ်တွင် လက်ရှိအချိန်၌ သောက်သုံးရေအတွက် ရေသန့်စနစ်သောက် ရေကန်ထားရှိခြင်း၊ စုပေါင်း ပိုင်စိုက်ပျိုးလယ်ယာအတွက် သုံးဧက မြေနေရာထားရှိပေးခြင်း၊ လူမှုတိုးတက်မှုအတွက် စုပေါင်းညှိနှိုင်းနိုင်သော (Communication Centre) အဆောက်အ အုံတစ်လုံးကို ဆောက် လုပ်ပေးထားခြင်းများကို လုပ်ကိုင်ပေးထားသည်။ ထို့အတူ ကျောင်းနေအရွယ်ကလေးများအတွက် ပညာရေးဆိုင်ရာအထောက်အပံ့ များရှိထားပြီး အလုပ်အကိုင် ရရှိရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများထားရှိ ပေးထားသည်ဟု ၎င်းကိစ္စရပ်များကို တာဝန် ယူလုပ်ကိုင်နေလျက်ရှိသူ ဒေါ်အိအိခိုင်က ပြောသည်။

လက်ရှိ မြေဟက်တာ ၄၀၀ အတွင်း နေထိုင် နေသူများသည် အစားထိုးပြန်လည်ရရှိထားသော မြေ ၂၅ ပေ၊ ပေ၅၀ ဧရိယာအတွက် မြေပိုင်ဆိုင်မှု ထောက်ခံချက် ဂရန်မရရှိသေး သကဲ့သို့
ရေရရှိရေးနှင့် အရင်းအနှီးရရှိရေး စီစဉ်ပေးမှုများသည် နှောင့်နှေးကြန့်ကြာမှု များ ရှိနေကြောင်း သိရသည်။

"အခုချိန်ထိ ကျွန်မတို့ရထားတဲ့ အိမ်အတွက် ပိုင်ဆိုင်ကြောင်း ဂရန်မြေစာရွက်ကို မရသေးပါဘူး။ တောင်းတဲ့အခါတိုင်း ပေးဖို့ရှိပါတယ်ပြောပြီး ဘယ်တော့ပေးမယ်ဆိုတာ မသိရဘူး" ဟု
ပြောင်းရွှေ့ခံရသည့် ဒေသခံများအနက် မှိုစိုက်ပျိုးရေးလုပ်ကိုင် အသက်မွေးလျက် ရှိသည့် ဦးကျော်နိုင်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

Source : The Myanmar Times

Facebook comments