မပြီးသေးတဲ့ တိုက်ခန်းတချို့ မြေရှင်စာချုပ်ဖျက်သိမ်း ၊ ဝယ်သူတရားစွဲတာတွေရှိနေ
အကျိုးတူတည်ဆောက်ဖို့ သဘောတူညီမှုယူထားပြီး အခုထိအပြီးသေးတဲ့ တိုက်ခန်းတွေကို မြေရှင်ဘက်က စာချုပ်ဖျက်သိမ်းထားတာ ၊ ဝယ်သူတွေက တရားစွဲဆိုတာတွေ အခုထိများနေပါတယ် ။မြေရှင်က အကျိုးတူတည်ဆောက်မှုကို ဖျက်သိမ်းပြီး ဝယ်ထားသူတွေအနေနဲ့ ကန်ထရိုက်တာနဲ့သာ ဖြေရှင်းကြရန်ဆိုပြီး ကြော်ငြာထည့်ကြသလို ဝယ်သူတွေကလည်း အခန်းကို သတ်မှတ်ထားချိန်ကျော်လွန်တဲ့အထိ မအပ်သေးတာတွေကြောင့် တရားစွဲဆိုတာတွေက ၂၀၁၄ ခုနှစ်ဝန်းကျင်ကတည်းက ဖြစ်ပွားနေခဲ့တဲ့ အငြင်းပွားမှုပြဿနာတွေပါ ။အကျိုးဆောင်ရှေ့နေမမေသူက ‘အဓိက ဒီပြသနာတွေဖြစ်ရတာက တိကျခိုင်မာတဲ့ ဥပဒေမရှိတာကြောင့်ပဲ ၊ အားလုံးက ကိုယ်ဖြည့်ချင်တဲ့အချက်တွေ ဖြည့်ပြီးပြီးသလို စာချုပ်လုပ်ထားတာတွေပါ ၊ သတ်မှတ်ချက်တွေနဲ့ စည်းကမ်းတကျ ထုတ်ပြန်ပေးထားရင် ရှိလာတော့မှာ မဟုတ်ပါဘူး ၊ အကျိုးတူ ကန်ထရိုက်ပြသနာ အများစုမှာ နစ်နာမှုကြုံနေရသူတွေက ကြိုပွိုင့်ဝယ်ထားသူတွေ ၊ အဝယ်သမားတွေပဲ’ လို့ပြောတယ် ။မြေရှင်တွေအတွက် မြေပြန်ရတာပဲဆိုပေမဲ့ ဝယ်သူတွေအတွက်ကတော့ ပြန်ရတာထက် နစ်နာရတာတွေက များတယ်လို့ သိရတယ် ။အခန်းရပေမဲ့တချို့က ကြိုပွိုင့်နဲ့ ဝယ်ပြီး အခန်းရတာတောင် လူနေခွင့်နဲ့ မီတာမရသေးလို့ ပြန်ရောင်းမရတဲ့သူတွေ အခန်း ပိုက်မိနေသူတွေလည်း ရှိတယ်လို့ အကျိုးဆောင်တချို့နဲ့ ကိုယ်တိုင်ကြုံတွေ့ရသူတချို့က ပြောပါတယ် ။မေတ္တာညွန့်ရပ်ကွက်မှာ ကြိုပွိုင့်လေးလွှာတိုက်ခန်းတစ်ခန်း ဝယ်ထားတဲ့ ဒေါ်စန်းတင့်က ‘ဝယ်ထားတဲ့အခန်းက သုံးနှစ်လောက်ရှိပြီ ကြိုပွိုင့်နဲ့ဝယ်ထားတာ သိန်း ၄၀၀ သွင်းပြီးပြီ ၊ ဈေးတန်တယ် ၊ လမ်းမတန်းပြန်ရောင်းရင် လွယ်လွယ်ရတယ်ဆိုပြီး ဝယ်မိတာ ၊ အခုဝယ်သူရှိတောင်အခန်းကရောင်းလို့ မရဘူး ဖြစ်နေတယ် ၊ မီတာလဲမရသေး ၊ လူနေခွင့်လဲမကျသေးဘူး ၊ သိန်း ၆၀၀ နဲ့ရောင်းဖို့ ဈေးဆိုင်ပြီးမှ မရောင်းရတော့တာ’ လို့ပြောပါတယ် ။မမေသူက ‘ဒီကိစ္စမျိုးကျတော့ ကန်ထရိုက်က အခန်းအပ်ချိန်မှာအပ်ပြီး ဖြစ်နေတယ် ၊ အခန်းမအပ်လို့ တရားစွဲလို့ ရတာမျိုးလဲ မဟုတ်ဘူး ၊ မီတာတို့ လူနေခွင့်တို့ မရသေးဘူး ၊ သူလျှောက်ထားတာဆိုတော့ ဝယ်သူက စောင့်ရမှာပဲ ၊ မစောင့်ချင်လို့လဲ မရဘူးလေ ၊ စာချုပ်စပြီး ချုပ်ကတည်းက တိကျခိုင်မာမှုရှိဖို့ လိုတယ်ဆိုတာတွေပဲ ၊ စာအုပ်ထဲမှာပါတဲ့အချက်တွေက အားနည်းနေရင် ကိုယ့်မှာလုပ်ပိုင်ခွင့်မရဘူး’ လို့ပြောပါတယ် ။ကျွမ်းကျင်သူတချို့ကတော့ ဈေးကွက်အရ အပြိုင်အဆိုင်တည်ဆောက်ကြ ၊ ရောင်းချခဲ့ကြပြီး စည်းစနစ်တကျနဲ့ ဥပဒေမရှိခဲ့တာကြောင့် အခုလိုပြသနာအများဆုံး ဈေးကွက်တစ်ခုအဖြစ် ရှိနေတာလို့ပြောပါတယ် ။ှSource: The Modern
Facebook comments