ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေကြေးစုဆောင်းသူ ၃၀၀၀ ကျော်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ် ။အဆိုပါငွေကြေးစုဆောင်းသူတွေကတော့ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရရှိဖို့ လာရောက်လျှောက်ထားသူတွေဖြစ်ပြီး တိုက်ခန်းရဲ့ ၃၀ ရာခိုင်နှုန်းကို လာရောက်ပေးသွင်းရတာ ဖြစ်ပါတယ် ။ တန်ဖိုးနည်းအိမ်ရာတွေကို လာမယ့် အောက်တိုဘာလအတွင်း ရောင်းချနိုင်အောင် စီစဉ်လျက်ရှိပြီး မဲစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ် ။‘ဝယ်ယူဖို့ စာရင်းလာပေးသူပေါင်း ၃၃၀၀ ကျော်ရှိနေပြီ ၊ အားလုံးကတော့ သတ်မှတ်ထားတဲ့ ငွေစာရင်းအကောင့်နဲ့ ငွေလာအပ်ထားကြတယ် ၊ တိုက်ခန်းတန်ဖိုးက သိန်း ၁၀၀ ဝန်းကျင်ဆိုတော့ အများစုက သိန်း ၃၀ ထက်များတဲ့ ပမာဏစုဆောင်းငွေထားကြတယ်’ လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ် ။
ရောင်းချသွားမယ့် အိမ်ရာတွေကတော့ ဒဂုံဆိတ်ကမ်းမြို့နယ်က တန်ဖိုးနည်းအိမ်ရာတွေနဲ့ လှိုင်သာယာမြို့နယ်က တန်ဖိုးနည်းအိမ်ရာတွေပဲဖြစ်ပါတယ် ။ အခန်းတန်ဖိုးတွေကတော့ ကျပ်သိန်း ၁၀၀ ကျော်ကနေ ကျပ် ၉၈ သိန်းအထိ အထပ်အလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး ဘဏ်ချေးငွေနဲ့ ဝယ်ယူသူတွေကို သတ်မှတ်ထားတဲ့ ဘဏ်စာရင်းသွင်းငွေနဲ့ တစ်လမိသားစုဝင်ငွေ ကျပ် ၃၀၀,၀၀၀ ရှိသူတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
အခန်းဝယ်ယူခွင့်ရရှိသူတွေက ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ရှစ်နှစ်နဲ့ လေးနှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်သလို လက်ငင်းနဲ့ အရစ်ကျဝယ်ယူသူတွေကိုတော့ လေးလအရစ်ကျပုံစံနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ် ။ အခန်းတွေကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး ၇၀ ရာခိုင်နှုန်းကိုတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဝန်ထမ်းတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ။
Source: Modern Journal