ဒဂုံတောင်တွင် ကျူးကျော်စာရင်း စတင်ကောက်ယူရာတွင် ကျူးကျော်အသစ် ထပ်တိုးလာမှုများနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တင်ပြထား

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ကျူးကျော်စာရင်း စတင်ကောက်ယူရာတွင် ကျူးကျော်အသစ် ထပ်တိုးလာမှုများနှင့် အခြားကြုံတွေ့ရသည့် အခက်အခဲများကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တင်ပြထားကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်စာရင်းများ ကောက်ယူခြင်း၏ Pilot Project အနေဖြင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့ နယ်တွင် စက်တင်ဘာ ၂ ရက်မှ စတင်ကောက်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများအပြင် ယင်းသို့ကျူးကျော်စာရင်း ကောက်သည်ဟု အသံကြားသည်နှင့် အသစ် ကျူးကျော်လာသူများ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကအထိ ကျွန်တော်တို့ ၂၀၀၀ ၀န်းကျင်လောက် ကောက်နိုင်ခဲ့တယ်။ ထပ်တိုးလာတဲ့ကျူးကျော်တွေက အတိုင်းအတာ တစ်ခုလောက်တော့ ထပ်တိုးလာပါတယ်။ နည်းပညာ Error တင်မဟုတ်ဘဲ အခွင့်အရေးနဲ့ ကျူးတာတွေပါ ပါလာတယ်။ တစ်မိသားစုတည်းမှာတင် စလစ်တွေကိုင်ပြီးတော့ ကျူးစာရင်းဝင်အဖြစ် စာရင်းလာသွင်းတာတွေ ရှိတယ်။ ပြီးတော့ ချမ်းသာတဲ့ ပုံသဏ္ဌာန်မျိုးတွေကလည်း ကျူးစာရင်းဝင်အဖြစ် လာတာကိုတွေ့ရ တယ်။ မိဘကို မေးလိုက်တဲ့အခါ မိဘနာမည်ပြောတယ်။ သားသမီးက လေးယောက်၊ တစ်ယောက်ပဲ ပါလာတော့ ကျန်တဲ့သုံးယောက်က ဘယ်မှာလဲဆိုတော့ မလေးရှားမှာ အလုပ်လုပ်နေတယ်ပြောတယ်။ မလေးရှားကို အလုပ်သွားလုပ်နိုင်တယ်ဆိုတော့ ဒါတွေကို ကျွန်တော်တို့ နည်းနည်း စိတ်မကောင်းဖြစ်မိတာပေါ့” ဟု မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

“ဒါကို ကျွန်တော်ဝန်ကြီးချုပ်ကို တင်ပြပြီးပြီ။ ၀န်ကြီးချုပ်က Oversea ခရီးထွက်နေတော့ သူ့ Pso ဆီ ကျွန်တော်တင်ပြီးထားပြီ။ ဒါကို အစိုးရရုံးရဲ့ဌာနတွေလည်း သိတယ်။ ဒုညွှန်မှူးတို့၊ မြို့နယ်ထွေအုပ်တို့  တော်တော်များများ သိပါတယ်။ သိသော်ငြားလည်း အထက်ကို အစီရင်ခံစာမျိုး တက်ထားတယ်ပေါ့။ ဒါပေမဲ့ ၀န်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက ဘာလုပ်ရမယ် ဘာကိုင်ရမယ်ဆိုတာ မကျရသေးဘူးပေါ့”ဟု ဦးညီညီက ဆက်လက်ပြောကြားသည်။

“အဲဒီလိုမျိုးလေးတွေ များမယ်ဆိုရင် တကယ်လိုအပ်တဲ့သူတွေ မရရှိမှာကို စိုးရိမ်ပူပန်မိပါတယ်။ ပြီးတော့ ညတွင်းချင်းမှာပဲ ၀ါးတွေကောက်ထိုးပြီးတော့ ကျူးတဲဆောက်လိုက်တာ။ ညတွင်းချင်း ဆောက်လည်း ဘယ်ရမလဲလို့ ကျွန်တော်တို့ ပြောလိုက်တယ်။ ဒါပေမဲ့လည်း အဲဒီလူတွေရဲ့ လက်ထဲမှာ စလစ်ကိုင်ပြီး ရောက်လာတယ်။ အဲဒီစလစ်ကို ပေးတာ ဘယ်သူပေးတာလဲ ပြန်လည်သုံးသပ်ရမယ့် သဘောဖြစ်လာတယ်။ စလစ်ပေးတယ် ဆိုတာလည်း အုပ်ချုပ်ရေးပိုင်းက ပေးတာ။ ဒါအုပ်ချုပ်ရေးတိုင်းကို မဟုတ်ပါဘူး။ အုပ်ချုပ်ရေးပိုင်းနဲ့ ယာဆယ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ တွေ့ရတယ်”  ဟု ဦးညီညီက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်များကို စနစ်တကျ စာရင်းကောက်ယူမည်ဖြစ်ပြီး  ၎င်းတို့၏ဘ၀ ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ကျူးကျော်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားပြီးနောက်ပိုင်း ကျူးကျော်အသစ်များ တိုးလာခြင်းဖြစ်သည်။

Source: Eleven

Facebook comments