အမေရိကန်အခြေစိုက် star wood Hotels and Resorts ကုမ္ပဏီ နှင့် Family Business Group Hotel လီမိတက် က မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကျိုးတူပူးပေါင်း ဆောက်လုပ်လျက်ရှိသော ရန်ကုန်မြို့၏ပုံရိပ်ကို ထင်ဟပ် စေမည့်ကြယ်ငါးပွင့်အဆင့်မီ Sheraton Hotel Yangon စီမံကိန်းမှာ ၆ဝ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ယခုအခါ ဟိုတယ်ဆောက်လုပ်မှု အကြမ်းထည်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်လျက်ရှိသော အဆိုပါ မြန်မာနိုင်ငံ၏သမိုင်းတွင် ပထမဆုံးဖြစ်လာမည့် အမေရိကန်နည်းပညာဖြင့် ဆောက်လုပ်လျက်ရှိသော အမေရိကန်ဒ်ါလာ သန်း ၃ဝ ကုန်ကျခံဆောက်လုပ်နေသည့် ကြယ်ငါးပွင့်အဆင့်မီ Sheraton Hotel Yangon စီမံကိန်းမှာ မြေဧက ၁ ဒသမ ၂၃ ဧကပေါ်တွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး ဟိုတယ်အဆောက်အအုံ၏ ကြမ်းပြင်ဧရိယာမှာ ၃၉၆၉၇၈ ရှိကာ အလျား ၂၁၇ ပေနှင့် အနံ ၂၆၆ ပေရှိကြောင်း သိရသည်။ ဟိုတယ်ဆောက်လုပ်မှု များအတွင်း နိုင်ငံတကာအဆင့်မီ အခန်းပေါင်း ၃၇၅ ခန်း ပါဝင်မည်ဖြစ်ပြီး ကားပါကင်ယာဉ်အစီးရေ ၂ဝဝ ခန့် ရပ်နားနိုင်သော Base Ment နှစ်ထပ်ပါဝင်မည်ဖြစ်သည်။ ဟိုတယ်အဆောက်အအုံမှာ နိုင်ငံတကာစံချိန်စံညွှန်းဝင် ၁၄ ထပ်အဆောက်အအုံဖြစ်ပြီး အဆင့်မီဓာတ်လှေကား ၁၂ စင်းနှင့် escalator သုံးစင်းပါဝင်မည်ဖြစ်သည်။ပထမထပ်ရှိ Ball room ၌ လူဦးရေ ၇ဝဝ ဆံ့  အခန်းထည့်သွင်းဆောက်လုပ်မည်ဖြစ်ပြီး အဝင်ဝ (Lobby) ၌ အဆင့်မြင့်စားသောက်ဆိုင် သုံးဆိုင်ပါဝင်မည်ဖြစ်ကာ အပေါ်ဆုံး ၁၂ လွှာ ရှိ Roof top တွင်လည်း စားသောက်ဆိုင် သုံးဆိုင်ပါဝင်မည်ဖြစ်သည်။
ဟိုတယ်အဆောက်အအုံ ဒုတိယထပ်တွင် ရေကူးကန်၊ အားကစားလေ့ကျင့်ခန်း၊ နိုင်ငံတကာအဆင့်မီ Spa များပါဝင်ဆောက်လုပ်ထားရှိပြီး တတိယလွှာမှ ၁၁ ထပ်ထိ အခန်းပေါင်း ၃၇၅ ခန်းပါဝင်ကြောင်းသိရသည်။လက်ရှိ အနေအထားအရ Base Ment အပါအဝင် အဆောက် အအုံ၏ ၁၄ ထပ်စလုံးအား ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများ အလုံးစုံဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပြီး အခန်းနမူနာပုံစံ နှစ်ခန်းအား ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်သောကြောင့် star wood Hotels and Resorts ကုမ္ပဏီမှတာဝန်ရှိသူများက ဟိုတယ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ၊ မရှိကို လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကာ ယခုအခါ အခြားအခန်းများဆောင်ရွက်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သည်။ ယခုအခါ ဟိုတယ်အတွင်းပိုင်းရှိ အခန်းများဖွဲ့စည်းရန်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားမှ အကြံပေး ကုမ္ပဏီ ၂ဝ ကျော်၊ ပြည်တွင်းအင်ဂျင်နီယာနှင့်လုပ်သားစုစုပေါင်း ၁၅ဝ ကျော်တို့ဖြင့် ဟိုတယ်စီမံကိန်းအား ဆောင်ရွက်လျက်ရှိသည်။
ဟိုတယ်အဆောက်အအုံ ဆောက်လုပ်မှုများအတွင်း ဥရောပ၊ စင်္ကာပူ ၊တရုတ်နှင့် အမေရိကန်နိုင်ငံထုတ်ကုန် ပစ္စည်းများပါဝင် ဆောက်လုပ်လျက်ရှိသည်။ လက်ရှိ ဟိုတယ်အဆောက်အအုံ၏ ဆောက်လုပ်မှုအကြမ်းထည် လုပ်ငန်းအား ပါဝင်သည့်ဒါရိုက်တာများက ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အဆောက်အအုံအတွင်းရှိ လိုအပ် ချက်ဆောင်ရွက်ပြင်ဆင်မှုများအတွက် ထပ်မံလိုအပ်သည့် ငွေကြေးပမာဏအား ပြည်တွင်း၊ ပြည်ပဘဏ်များမှ ချေးငွေယူကာ ဆောက်လုပ်သွားမည်ဖြစ်သည်။
Family Business Group Hotel လီမိတက်မှ အမှုဆောင်အရာရှိချုပ် ဦးကိုကိုလတ်က''နိုင်ငံတကာမှာ Brand ဖြစ်နေတဲ့ဒီ Sheraton ဟိုတယ်ဟာ ရန်ကုန် မြို့ကိုဝင်ရောက်လာခြင်းအားဖြင့် နိုင်ငံတော်အတွက် အခြားနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များကိုဖိတ်ခေါ်သလိုဖြစ်သွားပါပြီ၊ အမေရိကန်နိုင်ငံရဲ့ တကယ့်ကြီးမားတဲ့ ကုမ္ပဏီကြီးတစ်ခုကတောင်မှ မြန်မာနိုင်ငံကို လာရောက် ပြီး ချိတ်ဆက်နေပြီဆိုတော့ အခြားစီးပွားရေးကုမ္ပဏီငယ် တွေကလည်း အွန်လိုင်းကနေတွေ့ပြီး အချိန်မရွေး ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ဆက်သွယ်လာနိုင်ပါ တယ်။ နောက်တစ်ခုအရေးကြီးတဲ့ နိုင်ငံတွင်းက ပြည်သူ ၅ဝဝ ကျော်ကို ဒီဟိုတယ်က အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာဖြစ်ပြီး အခြား ဆက်စပ်ကုမ္ပဏီ ၂ဝဝ ကျော်အတွက်လည်း အခွင့်အလမ်းများရရှိစေမှာဖြစ်ပါတယ်။ ဒီတော့ ဒီဟိုတယ် တစ်လုံးလုံးပုံမှန်လည်ပတ်ပြီဆိုရင် လူဦးရေ ၇ဝဝ ကျော် အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနိုင် မှာဖြစ်ပါတယ်'' ဟုဆိုသည်။
ဆက်လက်၍ ''ဟိုတယ်ဆောက်လုပ်မှုစီမံကိန်းကို ကနဦးကတော့ ၂ဝ၁၇ ခုနှစ် ဇူလိုင်လမှာစတင်ဖွင့်လှစ်ဖို့ လျာထားပေမယ့် ဟိုတယ်စီမံကိန်းထဲမှာဆောက်လုပ်ရေး လုပ်ငန်းရှင်တော်တော်များများက ရှယ်ယာ ပါဝင်ထားကြတာဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းနေတာဖြစ်တဲ့အတွက် ရှယ်ယာငွေများထည့်ဖို့ အခက်အခဲဖြစ်နေကြပါတယ်၊ ဒါကြောင့် ပြည်တွင်းဘဏ် နဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာကဘဏ်တွေနဲ့ပဲဖြစ်ဖြစ် ချိတ်ဆက်ဆောင်ရွက်ပြီး ဟိုတယ်ကိုပြီးမြောက်အောင်ဆောင်ရွက်သွားဖို့အစီအစဉ်ရှိပါတယ်။ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းမှာ အမြန်ဆုံးဖွင့်လှစ်နိုင်အောင်ကြိုးစားနေပါ တယ်။ မြန်မာနိုင်ငံမှာလည်း ပြည်ပစီးပွားရေး လုပ်ငန်းရှင်တွေ ဝင်ရောက်နေပြီမို့ ဒီလိုအဆင့်မြင့် ဟိုတယ်တွေ လိုအပ် နေပါပြီ။ ဟိုတယ်ဆောက်လုပ်ပြီးစီးသွားပြီဆိုလည်း နိုင်ငံတကာက သတ်မှတ်ဈေးနှုန်းအတိုင်း ပြည်တွင်း၊ ပြည်ပမှ အများပြည်သူတွေ မည်သူမဆိုတည်းခိုနိုင်ပါ တယ်။ ဒီကြယ်ငါးပွင့်အဆင့်မီ Sheraton Hotel Yangon ဖွင့် လှစ်ပြီဆိုရင်တော့ အခန်းငှားခက Sheraton Brand ရဲ့ နိုင်ငံတကာသတ်မှတ်နှုန်းထားအတိုင်း သတ်မှတ်မှာပါ။ ဒီဟိုတယ်တွေက ကမ္ဘာမှာ ဟိုတယ်ပေါင်း ၄ဝဝဝ ကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒါပထမဦးဆုံး ဝင်ရောက်လာတာပါ။ ဟိုတယ်အခန်း ငှားရမ်းခတွေကတော့ နိုင်ငံတကာက Sheraton ဟိုတယ် တွေနဲ့ချိတ်ဆက်ပြီး star wood Hotels and Resorts ကုမ္ပဏီကဈေးကွက်ကိုရှာဖွေမှာပါ။ ကျွန်တော်တို့က marketing လုပ်စရာမလိုပါဘူး။ သူတို့ဟာသူတို့ လုပ်မှာပါ။ ဧည့်သည်တွေက သူတို့ရဲ့ network တွေ ကနေတစ်ဆင့် လာရောက်တည်းခိုကြပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့က ရမယ့် percentage ထဲက ရမယ့်အကျိုး အမြတ်တစ်ခုကို သူတို့ကို ပြန်ပေးရမှာပါ။ ဒီဟိုတယ်စီမံကိန်းပြီးစီးသွားပြီဆိုရင်တော့ တစ်နည်းအားဖြင့် နိုင်ငံတော်ရဲ့ပုံရိပ်ကို ထင်ဟပ်စေတော့မှာဖြစ်ပါတယ်'' ဟု ဆက်လက်ရှင်းပြသည်။
လက်ရှိ ကြယ်ငါးပွင့်အဆင့်မီ Sheraton Hotel Yangon စီမံကိန်းဆောင်ရွက်နေမှုအတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အားတင်ပြထားပြီးကြောင်း သိရပြီး ကြယ်ငါးပွင့်အဆင့်မီ Sheraton Hotel Yangon အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကြယ်ငါးပွင့်အဆင့်မီ ဒီဟိုတယ်ဖွင့်လှစ်ပြီ ဆိုပါက ရန်ကုန်မြို့သို့အကြောင်း ကိစ္စအရပ်ရပ်ကြောင့် လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များ အတွက်ပါ အကျိုးရှိစေမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ လူဦးရေအချို့အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း များရရှိလာတော့မည်ဖြစ်သည်။ အဆိုပါ ကြယ်ငါးပွင့် အဆင့်မြင့် ဟိုတယ်စီမံကိန်းကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်မတ် ၂ဝ ရက်က ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စတင်ခွင့်ပြုချက်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်းလည်း သိရသည်။
Source:MOI Webportal Myanmar