ရပ်ဆိုင်းထားသည့် အထပ်မြင့် အဆောက်အအုံ ၄၅ လုံး၏ ပြန်လည်ပြင်ဆင်ရမည့် အချက်များကို ညွှန်ကြားကာ ယင်းအတိုင်း ပြင်ဆင်ပြီးပါက လုပ်ငန်းပြန်လည် လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း သိရ
ရပ်ဆိုင်းထားရသည့် အထပ်မြင့် အဆောက်အအုံ ၄၅ လုံး၏ ပြန်လည် ပြင်ဆင်ရမည့် အချက်အလက်များကို စက်တင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများ၏ တာဝန်ရှိသူများကို ခေါ်ယူ ပြောကြားခဲ့ပြီး ယင်းအတိုင်း ပြင်ဆင်ပြီးပါက လုပ်ငန်းပြန်လည် လုပ်ဆောင်ခွင့် ပြုလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စိစစ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။“ဒီနေ့ ခေါ်တွေ့ကာ ပြင်ဆင်ကန့်သတ်ချက်လေးတွေကို အသိပေးပြီးတော့ အဲဒီအတိုင်း ဆက်ပြီး ဆောင်ရွက်ဖို့ပါ။ အဲဒီ ကန့်သတ်ချက်တွေကို ပြင်ပြီးသွားလို့ရှိရင် လုပ်ငန်းပြန်စလို့ ရပြီ။ ကန့်သတ်ချက်တွေကလည်း သိပ်ပြီး ကြီးကြီးမားမား မဟုတ်ပါဘူး” ဟု ယင်း တာဝန်ရှိသူက ဆိုသည်။“ဒီနေ့ ကျွန်တော်တို့ကို ခေါ်တွေ့တာက အချို့ လိုအပ်ချက်လေးတွေ ပြင်ဆင်ပြီး လုပ်ငန်းဆောင်ရွက်လို့ ရပြီဆိုတာ ပြောတာပါ။ လုပ်ငန်းပြန်စလို့ ရပြီ။ ဒါပေမဲ့ သူတို့ ညွှန်ကြားတဲ့ ဟာလေးတွေကို လုပ်ရမယ်။ အစ်ကိုတို့ဆိုရင် ရေမြောင်းတွေကို ကိုယ့်စရိတ်နဲ့ကိုယ် ပြန်ပြင်ပေးရမှာတို့။ မီးစက်၊ အိတ်ဇောတွေကို လူတွေသွားတဲ့ နေရာကို အိတ်ဇောတွေ မထုတ်ဖို့၊ မိမိ ဧရိယာထဲမှာ ကားပါကင် လိုအပ်ချက်လေးတွေကို အဲဒါတွေကို ထပ်ညွှန်ကြားတယ်။ အဲဒါလေးတွေကို လုပ်ပြီးရင် လုပ်ငန်းပြန်စလို့ ရပြီ” ဟု ရပ်ဆိုင်းခံထားရသည့် အထပ်မြင့် အဆောက်အအုံ ၄၅ လုံးတွင် ပါဝင်သော ကမာရွတ်မြို့နယ်ရှိ စံရိပ်ငြိမ်ကွန်ဒိုမှ အမှုဆောင် ဒါရိုက်တာ ကိုကျော်ကျော်မိုးက ပြောကြားသည်။ရပ်ဆိုင်းခံရထားရသည့် အထပ်မြင့် ၄၅ လုံး ပြန်လည်ပြင်ဆင်ရမည့် အချက်များတွင် ရေစီးရေလာ ကောင်းမွန်းရေး ပြန်လည်ပြင်ဆင်ရန်၊ ကားပါကင် လိုအပ်ချက်များ ပြင်ဆင်ရန်နှင့် အချို့အဆောက်အအုံများတွင် အကျယ်အ၀န်း ပေများ ပြန်လည်လျှော့ချရန်တို့ ပါဝင်ကြောင်း ခေါ်ယူတွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။“အချို့ဟာလေးတွေ ပြင်ခိုင်းတာပေါ့။ အိတ်ဇောတွေထုတ်တာ ရှိတယ်။ ပြီးရင် ရေစီးရေလာ ပြန်လုပ်ရမှာတွေ ရှိတယ်။ အထပ်လျှော့တာတော့ မလုပ်ခိုင်းဘူး။ အချို့ဟာတွေတော့ ပေလျှော့ခိုင်းတယ်။ ပေလျှော့ခိုင်းရင် အဆောက်အအုံ Concept တစ်ခုလုံး ပျက်မှာဆိုတော့ အစ်ကိုတို့ လုပ်ပေးနိုင်ရင် လုပ်ပေးနိုင်တဲ့အကြောင်း၊ မလုပ်ပေးရင် မလုပ်ပေးနိုင်တဲ့အကြောင်း ပြန်တင်ပြရမှာပေါ့။ အခုဟာက ပေလျှော့ပါလို့ ပြောလိုက်ကတည်းက Concept တစ်ခုလုံး ပျက်သွားပြီလေ။ အထပ်ဖွဲ့တာတွေ၊ ကားပါကင်တွေ အကုန်လုံးက ပျက်သွားပြီ။ အစ်ကိုတို့က ဒါဆိုရင် အခက်အခဲ ရှိတယ်ဆိုတဲ့အကြောင်း ပြန်တင်ပြရမှာပေါ့” ဟု အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းရှင်က ပြောကြားသည်။ထို့ပြင် ရပ်ဆိုင်းထားရသည့် ယခုထက် ပြင်ဆင်ချက် ပိုများသည့် အထပ်မြင့် အဆောက်အအုံ ၁၀ လုံးကို စက်တင်ဘာ ၉ ရက် (ယနေ့)တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထပ်မံခေါ်ယူ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ယခင်အစိုးရ လက်ထက်က ဆောက်လုပ်ခွင့် ပြုခဲ့ပြီးသော အထပ်မြင့် အဆောက်အအုံများအား ပြန်လည်စိစစ်ရန်အတွက် အဆောက်အအုံ စုစုပေါင်း ၂၀၀ နီးပါးကို မေ ၁၄ ရက်တွင် ရပ်ဆိုင်းရန် စာထုတ်ကာ ပြန်လည် စိစစ်ခဲ့ကြောင်း၊ အဆိုပါ အဆောက်အအုံများအနက် အရေးကြီး အဆောက်အအုံ ၁၂ လုံးအား စစ်ဆေးခဲ့ရာ အဆိုပါ ၁၂ လုံးအား အထပ်များ ပြန်လျှော့ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့ပြီးမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်များက အသနားခံစာ တင်ပြခဲ့သည့်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြန်လည် စိစစ်ခဲ့ရာ ယင်း ၁၂ လုံးကို မူလအတိုင်း အထပ်များ ပြန်မလျှော့တော့ဘဲ ခွင့်ပြုခဲ့ကြောင်း သိရသည်။သို့ဖြစ်ရာ ကျန်ရှိသည့် အဆောက်အအုံ ၁၈၅ လုံးအနက်မှ ၄၅ လုံးကို တစ်သုတ်၊ ၁၀ လုံးကို တစ်သုတ် စစ်ဆေးကာ ယခု ၄၅ လုံးကို ပြင်ဆင်ရမည့် အချက်များ ပြင်ဆင်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။ပြန်လည်လုပ်ကိုင်ခွင့်ရခဲ့သည့် အထပ်မြင့် အဆောက်အအုံများသည် လုပ်ငန်းများ သုံးလခန့် ရပ်ဆိုင်းခံရခြင်းကြောင့် နစ်နာမှု၊ အလုပ်သမားများ အလုပ်လက်မဲ့မှုများစွာ ရှိခဲ့ပြီး ဆက်လက်ရပ်ဆိုင်းထားရဆဲဖြစ်သည့် အထပ်မြင့် အဆောက်အအုံများသည်လည်း နစ်နာမှုများစွာ ရှိနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။
Source: Eleven
Facebook comments