ဆင်ခြေဖုံးမြို့နယ်တွေက ဈေးသက်သာတဲ့ လုံးချင်းအိမ်ရာများ
ဆင်ခြေဖုံးမြို့နယ်တွေက အဆင့်မြင့်လုံးချင်းအိမ်ရာတွေကို မြေတန်ဖိုးမပါဝင်တဲ့ လျော့ဈေးတွေနဲ့ ပြန်လည်ရောင်းချလာတာတွေ ရှိနေတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ် ။ပြန်ရောင်ချကြတဲ့ လုံးချင်းတိုက်အများစုကတော့ မြောက်ဒဂုံမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်ဘက်က အာရ်စီအဆင့်မြှင့်တင်ထားတဲ့ လုံးချင်းတွေဖြစ်ပါတယ် ။ ဈေးနှုန်းတွေကတော့ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ကနေ ကျပ်သိန်း ၂၅၀၀ ဝန်းကျင်လောက်အထိ ရှိနေပါတယ် ။‘အရောင်းအဝယ်ကျဆင်းနေချိန်မှာ ထုတ်ရောင်းကြေတာဆိုတော့ ဈေးက အရမ်းနည်းတယ် ၊ တချို့တိုက်တွေဆို ဆောက်ထားတဲ့ စရိတ်လောက်ပဲကျတယ် ၊ အထဲမှာပါဝင်တဲ့ အသုံးအဆောင်ခနဲ့ တွက်ကြည့်ရင် အဲဒီလောက်ငွေနဲ့ ဒီလိုအိမ်တွေ အသစ်မဆောက်နိုင်ဘူး’လို့ သုခ အိမ်ခြံမြေအကျိုးဆောင်က ကိုနန္ဒက ပြောပါတယ် ။ပြန်လည်အရောင်းတင်လာကြတဲ့ လုံးချင်းတိုက်အများစုက လူမနေထိုင်ရသေးတဲ့တိုက်တွေများပြီး တချို့အိမ်တွေကတော့ အသုံးအဆောင်ပရိဘောဂ ပစ္စည်းတွေပါပါဝင်ကြပါတယ် ။လုံးချင်းတိုက်တွေရဲ့ အကျယ်အဝန်းကတော့ ပေ ၄၀x ပေ ၆၀ ကနေ ပေ ၈၀ x ပေ ၈၀ လောက်အထိ အကျယ်အဝန်းရှိကြပါတယ် ။ အွန်လိုင်းဈေးကွက်ထဲမှာ အရောင်းတင်ထားတဲ့ လုံးချင်းတိုက်တွေကတော့ လာရောက်မေးမြန်းတဲ့ ဝယ်လက်ပေါ် မှုတည်ပြီး ဈေးလျော့ကာ ပြန်လည်ရောင်းချကြတာတွေ ရှိပါတယ် ။ အခုနောက်ပိုင်း အဆင့်မြင့်ပြန်လည်ဆောက်လုပ်တဲ့ လုံးချင်းတိုက် ကုန်ကျစရိတ်တွေကတော့ ပေ ၄၀ x ပေ ၆၀ အာရ်စီ တစ်ထပ်ကို ကျပ်သိန်း ၆၀၀ လောက်အထိ ကုန်ကျစရိတ်ရှိပြီး အထပ်မြင့်နဲ့ ပုံစံဒီဇိုင်းအလိုက် တည်ဆောက်စရိတ် ကွဲပြားခြားနားတာ ဖြစ်ပါတယ် ။ လုံးချင်းတိုက်ဈေးကွက်တွေက အရောင်းဘက်မှာ လျော့ဈေးနဲ့ အရောင်းတင်ကြပေမဲ့ အငှားဈေးကွက်မှာတော့ ဝါတွင်းကာလမှာကို အမြင့်ဈေးနဲ့အငှားဖြစ်နေတာ ဖြစ်ပါတယ် ။သည်လိုဈေးနှုန်းသက်သာတဲ့ အာရ်စီ လုံးချင်းတိုက် အများစုကတော့ မြောက်ဒဂုံ (၃၃) ရပ်ကွက် ၊ (၃၄) ရပ်ကွက် ၊ (၄၁) တိုးချဲ့ရပ်ကွက် ၊ (၃၅) ရပ်ကွက်နဲ့ တောင်ဒဂုံ (၂၁) ရပ်ကွက်တွေမှာ ဆောက်လုပ်ထားတဲ့ အိမ်တွေပဲ ဖြစ်ပါတယ် ။Source: Modern Journal
Facebook comments