09-261334475

အဆောက်အအုံတွေ ငလျင်ဒဏ် ခံနိုင်ရည်ရှိ မရှိ စစ်ဆေးဖို့ လိုအပ်တယ်

သြဂုတ်လ ၂၄ ရက်နေ့မှာ လှုပ်ခတ်သွားတဲ့ ပြင်းအားရစ်ခ်ျတာ စကေး ၆.၈ ရှိတဲ့ငလျင်ကြောင့် လူသေဆုံးမှုတွေရှိခဲ့တဲ့အပြင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေပုဂံက စေတီပုတိုးတွေ ၊ ရခိုင်က ရှေးဟောင်းဘုရားတွေ ပြိုကျပျက်စီးခဲ့ရပါတယ် ။

နောက်ဆက်တွဲ ငလျင်တွေဆက်ပြီး လှုပ်ခတ်လာနိုင်တာကြောင့် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ် ဆိုတာ မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူးဒေါက်တာမျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ် ။

မေး ။ ။ အခုလှုပ်ခတ်သွားတဲ့ငလျင်နဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သေးလဲ ။

ဒေါက်တာမျိုးသန့် ။ ။ နောက်ဆက်တွဲငလျင်တွေ (aftershock) ကတော့ လာနိုင်တာပဲ ။ ရစ်ခ်ျတာစကေး ၆.၈ လောက်မလာနိုင်ပေမဲ့ ၅ ကျော်ကျော်လောက်တော့ လှုပ်နေမယ် ။ တစ်လကျော်ကျော်လောက်တော့ အနည်းဆုံးပေါ့ ။ အဆောက်အအုံအပျက်အဆီးတွေ ပတ်ဝန်းကျင်မှာ သွားလာတာတွေ ၊ အလုပ်လုပ်တာတွေ သတိပြုသင့်တယ် ။

ပျက်ဆီးဆုံးရှုံးမှုဆိုတော့ ပုဂံကတော့ စေတီပုထိုးတွေ များပါတယ် ။ ရခိုင်မှာဆိုရင်လည်း ရှေးဟောင်းပုထိုးတွေ များတယ် ။ သူ့ရဲ့သက်တမ်းကြီးလို့ ပျက်ဆီးတာလဲဖြစ်နိုင်ပါတယ် ။ သတိထားရမှာက အပျက်အဆီးတိုးလိုးတွဲလောင်းတွေ ရှိနေတယ်ဆိုရင် အမြန်ဆုံးဖယ်ရှားသင့်ပါတယ် ။ အဲသည်ပတ်ဝန်းကျင်ကို သွားမယ်ဆိုရင်သတိထားရမှာပေါ့ ။

မေး ။ ။ အခုလှုပ်သွားတဲ့ငလျင်က ဘယ်ပြတ်ရွှေ့ကျောနဲ့ဆက်စပ်နေတာလဲ ။

ဒေါက်တာမျိုးသန့် ။ ။ လောလောဆယ်တော့ ဖြစ်နိုင်ခြေရှိတာက ဘော်ပြတ်ရွှေ့ပေါ့ ။ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ကဘော်ပြတ်ရွှေ့က ဖြစ်နိုင်သလို အိန္ဒိယနိုင်ငံက မြေထုချပ်နဲ့ မြန်မာနိုင်ငံမြေထုချပ် နဲ့ ထိစပ်နေတဲ့အနားက ပြတ်ရွှေ့ကျောက လှုပ်တယ်လို့ ကျွန်တော်ထင်ပါတယ် ။

မေး ။ ။ ငလျင်နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး ဘာတွေလုပ်ပေးနိုင်တာတွေ ရှိလဲ ။

ဒေါက်တာမျိုးသန့် ။ ။ ငလျင်ကတော့ မလှုပ်ဆင်မှာ ကြိုတင်ပြင်ဆင်ရတာက တစ်မျိုး ၊ လှုပ်နေစဉ်မှာ ပြင်ဆင်ရတာတစ်မျိုး ၊ လှုပ်ပြီးတဲ့အချိန်မှာ ပြင်ဆင်ရတာတစ်မျိုးပေါ့ ။ ပထမတစ်ခုက မလှုပ်ခင်က ပြင်ဆင်ရတာပေါ့ ။ နိုင်ငံတော်အစိုးရရော ၊ သက်ဆိုင်ရာဌာနတွေရော ၊ အင်န်ဂျီအို အသီးသီးတွေရော ၊ ငလျင်ကော်မတီ ၊ အင်ဂျင်နီယာအသင်း ဘူမိသိပ္ပံအစရှိသဖြင့် အဖွဲ့ပေါင်းစုံက ကြိုတင်ပြင်ထားတဲ့ဟာမျိုးပေါ့ ။

အဆောက်အအုံတွေ ခံနိုင်ရည်ရှိ မရှိ ဒါတွေကို ငလျင်ခံနိုင်ရည် ရှိ မရှိ ဆန်းစစ်တာမျိုး လုပ်သက့်တာပေါ့ ။ 
အခုနောက်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းမှာ လှုပ်သွားတာက လူနေထူထပ်တဲ့ မြို့တွေမဟုတ်လို့ပေါ့ ။ 
တကယ်လို့သာ စစ်ကိုင်းပြတ်ရွှေ့သာ လှုပ်ခဲ့မယ်ဆိုရင် အဓိကကျတဲ့ မြို့တွေဖြစ်တဲ့ ရန်ကုန် ၊ ပဲခူး ၊ မန္တလေး ၊ စစ်ကိုင်း ၊ နေပြည်တော် အစရှိသဖြင့် ဒီမြို့ကြီးတွေဟာ တကယ်ကို အန္တရာယ်ရှိနေပါတယ် ။ အဲဒီလိုမြို့တွေရဲ့ အဆောက်အအုံတွေ ငလျင်ဒဏ်ခံနိုင်ရည် ရှိ မရှိ ဆန်းစစ်ချက်တွေ လုပ်သင့်တယ် ။ ငလျင်ဒဏ်ခံနိုင်အောင် ပြုပြင်မွမ်းမံမှုတွေ လုပ်သင့်တယ်ပေါ့ ။ အားလုံးမလုပ်နိုင်ရင်တောင်မှပဲ လူအများဆုံးနေထိုင်တဲ့ အိမ်ရာလိုဟာမျိုးတွေ ၊ နောက်အများပြည်သူ အဆောက်အအုံတွေဖြစ်တဲ့ ကျောင်းတွေ ၊ ရုံးတွေ ၊ နောက်တစ်ခုက ဆေးရုံတွေ ပေါ့ ။ ဒါတွေကို ဆန်းစစ်ချက်တွေလုပ်ထားတယ် ။

မေး ။ ။ ငလျင်နဲ့ပတ်သက်ပြီး ကြိုတင်သတင်းထုတ်လို့ မရဘူး ဆိုပေမဲ့ ကြိုတင်ပြင်ဆင်မှု ၊ အသိပညာပေးမှု အားနည်းနေတာ ဘာကြောင့်ပါလဲ ။

ဒေါက်တာမျိုးသန့် ။ ။ ကျွန်တော်တို့ ငလျင်ကော်မတီတို့ ၊ တက္ကသိုလ်ဘူမိဌာနက ပညာရှင်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲက ငလျင်ဖြစ်နိုင်ခြေ long term ရှိတဲ့ နေရာတွေကို စုပေါင်းခန့်မှန်းဖို့တော့ရှိတယ် ။ နှစ် ၈၀ နောက်ပိုင်း ပြန်ပြီးလှုပ်နိုင်မယ့် ၊ နှစ်၁၀၀ နောက်ပိုင်း ပြန်ပြီးလှုပ်နိုင်မယ့် ပြတ်ရွှေ့တွေမှာ သုတေသနလုပ်ငန်းတွေမှာ မစီရင်ခံစာတွေလည်း ရှိတယ် ။

နောက်တစ်ခုက မြန်မာတစ်နိုင်ငံလုံးအတွက် ငလျင်အန္တရာယ်ပြ မြေပုံတွေ ရေးဆွဲထားတာရှိတယ် ။ ရန်ကုန် ၊ မန္တလေး ၊ စစ်ကိုင်း ၊ ပဲခူး ၊ တောင်ငူ ၊ နေပြည်တော်တို့အတွက် အန္တရာယ်ကျမြေပုံတွေရှိတယ် ။ ကျွန်တော်တို့ ငလျင်ကော်မတီ အနေနဲ့ကြော်ညာတယ် ။ ဒါတွေကို ငလျင်ကော်မတီမှာလာပြီးတော့ ယူနိုင်ပါတယ် ။
မြန်မာနိုင်ငံငလျင်ကော်မတီရဲ့ ဖေ့စ်ဘုတ်စ် စာမျက်နှာမှာလည်း တစ်နိုင်ငံလုံးရဲ့ မြေပုံအနေအထားတွေကို တင်ထားတာရှိတယ် ။

မေး ။ ။ နောက်ဆက်တွဲ ငလျင်တွေက ဘယ်လောက်ကြာမှာ ပြန်လာနိုင်ပါသလဲ ။

ဒေါက်တာမျိုးသန့် ။ ။နောက်ဆက်တွဲ ငလျင် aftershock ကတော့ ထုံးစံအတိုင်း ငလျင်လှုပ်အပြီး ဆက်လာတာပဲ ။ နှစ်ရက်သုံးရက်ပြောလို့မရဘူး ။ တစ်လခွဲ ၊ နှစ်လအတွင်းမှာ တောက်လျှောက် စိပ်စိပ်လှုပ်ပြီးမှာ အရင်အတိုင်းပြန်ဖြစ်သွားတာပေါ့ ။

မေး ။ ။ မြန်မာနိုင်ငံ ပထဝီအနေအထားအပေါ်မှာငလျင်နဲ့ ပတ်သတ်ပြီး ဆရာဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ ။

ဒေါက်တာမျိုးသန့် ။ ။ အခုနကပြောသလိုပါပဲ ။ ငလျင်ကတော့ short term ပေါ့ ။ ဘယ်နေရာ ၊ ဘယ်နေ့မှာ လှုပ်လိမ့်မယ်ဆိုပြီးတော့ မသိရဘူးပေါ့ ။ Long term အနေနဲ့ ဘယ်ပြတ်ရွှေ့တွေမှာ လှုပ်နိုင်တယ်ဆိုတဲ့ဟာတွေပေါ်မှုတည်ပြီးတော့ အမြဲတမ်း ကျွန်တော်တို့ကြေညာပေးမှာပါ ။

သဘာဝဘေးအန္တရာယ်ဆိုတာကတော့ တားဆီး (prevent) လုပ်လို့မရဘူး ။ အဲသည်တော့ ငလျင်လှုပ်ခဲ့လို့ရှိရင် effect ဖြစ်လာမယ့်ဟာကို လျော့ချဖို့ပဲရှိတယ် ။ အဆောက်အအုံတွေနဲ့ လူနေပတ်ဝန်းကျင်တွေကို ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် မြှင့်တင်ဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ် ။ 


Source: Modern Journal

Facebook comments