ရန်ကုန်မြို့သစ်စီမံကိန်းကို လေးထောင့်ကန်တွင် ပြုလုပ်ရန် ပညာရှင်များ တင်ပြ
ရန်ကုန်မြိုသစ်စီမံကိန်းကို အရှေ့ဒဂုံမြိုနယ်၊ လေးထောင့်ကန်အနီးရှိ လယ်မြေဧက ၁၇၀၀၀ ကျော်တွင် ပြုလုပ်ရန် သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပုလဲခန်းမတွင် ပြုလုပ်သော ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပက်သက်၍ လွှတ်တော်ဥက္ကဌ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ဆွေးနွေးမှုတွင် မြို့ပြစီမံကိန်း ပညာရှင်များက မြို့သစ်ဖော်ဆောင်သင့်သော နေရာများ၏ ဦးစားပေးနေရာအဖြစ်ဒဂုံအရှေ့ပိုင်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက် အနီးရှိ လယ်မြေဧက ၁၇၀၀၀ ကျော်ပေါ်တွင် ပြုလုပ်ရန် တင်ပြခဲ့ကြောင်းယင်းအစည်းအဝေးသို့ တတ်ရောက်ခဲ့သည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြိုနယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနေနိုင်ဦးက ပြောသည်။ယင်းအစည်းအဝေးတွင် မြို့သစ်စီမံကိန်း ပြုလုပ်သင့်သော နေရာ ၄ ခု တင်ပြရာ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ လေးထောင့်ကန်ရပ်ကွက်အနီးမှ လယ်မြေများ အပြင်၊ သန်လျင်မြို့နယ်ရှိ ကုလားဝဲတံတားအနီးတွင် လည်းကောင်း၊ ဒလမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်ကြားတွင် လည်းကောင်း၊ ကြည်မြင်တိုင် တစ်ဖက်ကမ်းတို့တွင်လည်းကောင်း ဦးစားပေးအလိုက် တင်ပြခဲ့ကြောင်း သိရသည်။''လေးထောင့်ကန်က လယ်မြေတွေက၊ ၁၉၉၀ တုန်းက ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က သိမ်းခဲ့တဲ့ မြေတွေ။ မြေလျော်ကြေးတော့ မပေးရသေးဘူး။ ပြီးတော့ ဟံသာဝတီလေဆိပ်နဲ့လည်း နီးတယ်။ အမှတ်(၂) လမ်းမကြီးနဲ့လည်း နီးတယ်။ ရန်ကုန်-မန္တလေး ရထားလမ်းနဲ့ နီးတဲ့အတွက် အဲဒီနေရာကို မြို့သစ်စီမံကိန်းလုပ်ဖို့ ဦးစားပေးချင်တယ်လို့ တင်ပြကြတယ်။ အဲဒီမှာရှိတဲ့ လယ်မြေတွေကိုလည်း ခေတ်ကာလနဲ့ လျော်ညီတဲ့လျော်ကြေးပေးမယ်ဆိုရင် ဒေသခံတွေလည်း ကျေနပ်မယ်။ အစိုးရအနေနဲ့လည်း ကုန်ကျစရိတ် သက်သာမယ်။ ဒါကြောင့် အဲဒီနေရာကို ဦးစားပေး တစ်နေရာမှာ လုပ်သင့်တယ်လို့ မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က တင်ပြသွားတယ်''ဟု တွံတေးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောသည်။ပညာရှင်များ၏ တင်ပြချက်များတွင် ယခင်အစိုးရလက်ထက်မှ ဆောင်ရွက်ရန် ခွင့်ပြုချက် ရရှိထားခဲ့သော ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းမှာ ပညာရှင်များ၏ တွက်ချက်မှုအရ မဖြစ်သင့်သော မြို့သစ်စီမံကိန်း ဖြစ်ကြောင်းနှင့် ပထမဆုံး ဆောက်လုပ်ရန် လျာထားသော ကြည်မြင်တိုင်-အလတ်ချောင်း တံတားမှာ ဆောက်လုပ်ရန် စံချိန်မမီသော တံတားဖြစ်သည်ဟု ပညာရှင်များက ပြောကြားတင်ပြခဲ့ကြောင်း သိရသည်။'' အနောက်တောင် မြို့သစ်စီမံကိန်းက ဖြစ်ဖို့အလားလာ နည်းသွားပြီလို့ ပြောရမှာပဲ။ ၀န်ကြီးချုပ်ကလည်း သူရဲ့ မဲဆန္ဒနယ်မြေမှာ ပြုလုပ်ဖို့ ပြောထားတာရှိသလို အခုပညာရှင်တွေကလည်း လေးထောင့်ကန်အနီးက လယ်မြေဧက ၁၇၀၀၀ ကျော်မှာ လုပ်ဖို့ တင်ပြလာတယ်။ ဒါက အတည်တော့ မဖြစ်သေးပေမယ့် အနောက်တောင်မြို့သစ်အတွက် အခြေနေမကောင်းဘူးလို့ ထင်တယ်''ဟု လွတ်တော်ကိုယ်စားလှယ် ကိုနေနိုင်ဦးက ပြောသည်။ယခုကဲသို့ ပညာရှင်များ၏ အကြံပြုတင်ပြချက်များကို ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ မှတ်တမ်းပြုထားမည်ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပက်သက်ပြီး သက်ဆိုင်ရာ ဌာနများနှင့် ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားရန် ရှိကာ ကော်မတီ၏ ဆုံးဖြတ်ချက်ကို မကြာမီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
Source: အိမ်ခြံမြေ ဝန်ဆောင်မှုအဖွဲ့
Facebook comments