09-261334475

ကွန်ဒို၊ တိုက်ခန်း ကြိုတင်ဝယ်ယူမှု တစ်ရှိန်ထိုး ကျဆင်း

အထပ်မြင့် အဆောက်အအုံများ ခေတ္တရပ်ဆိုင်းခံရပြီးနောက် ကွန်ဒို၊ တိုက်ခန်း ကြိုတင်ဝယ်ယူမှုမှာ တစ်ရှိန်ထိုး ကျဆင်းလာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နှစ်လကျော်ကြာ ရပ်ဆိုင်းခံထားရသည့် ပါမစ်ကြီး ရရှိထားသော အထပ်မြင့် အဆောက်အအုံ ၆၄ လုံးတွင် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးအား အထပ်များ လျှော့ချခြင်းနှင့် မူအားဖြင့် ခွင့်ပြုထားသည့် အထပ်မြင့်များအား ပြန်လည်စစ်ဆေးခြင်းများကြောင့် ဆောက်လုပ်ရေးလောကတွင် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းများက ပြောကြားသည်။

အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို အထပ်တွေ လျှော့ချပြီး ဒီဇိုင်းပြန်ပြင်တာတွေ ညွှန်ကြားတဲ့အတွက် ဆောက်လုပ်ရေးလောက တော်တော်ဂယက်ရိုက်သွားတယ်။ လက်ရှိ အထပ်မြင့် အဆောက်အဦးတွေရဲ့ အခန်းဝယ်ယူသူတွေနဲ့ ပြန်ညှိနှိုင်းရတယ်။ ဝယ်ယူသူတွေကလဲ နောက်ဆို အခန်းကြိုဝယ်တာတွေ ကြောက်နေတော့ နစ်နာ ဆုံးရှုံးမှုက တော်တော်များတယ်” ဟု အထပ်လျှော့ခံရသည့် ဗဟန်းမြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ယခုလက်ရှိ ဆောက်လုပ်ရေး လောကတွင် အထပ်နိမ့် ကွန်ဒို၊ တိုက်ခန်း ကြိုပွိုင့်ဝယ်ယူသူမှာ မရှိသလောက် နည်းပါးလာပြီး အထပ်မြင့် အဆောက်အအုံများ၏ ကွန်ဒို၊ တိုက်ခန်း ကြိုတင်ရောင်းချမှုများကိုလည်း စိတ်ဝင်စားမှု နည်းလာကြောင်း ဆောက်လုပ်ရေး ဈေးကွက်ထံမှ သိရှိရသည်။ 

အရင်က တိုက်ခန်းကို ကြိုတင်ရောင်းရင် ဝယ်ယူမယ့်သူ ရှိတယ်။ အခုနောက်ပိုင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်ကလည်း အရောင်းအဝယ် အေးစက်သလို တိုက်ခန်း ကြိုတင်ဝယ်ယူပြီး ဝယ်ရောင်းလုပ်နေတဲ့ သူတွေလဲ မဝယ်ရဲကြတော့ဘူး။ အခုလက်ရှိ အထပ်မြင့်တွေ ပြန်လည်စစ်ဆေးတာ၊ အထပ်လျှော့ခံရတဲ့ သတင်းတွေကြောင့် ဝယ်ယူသူတွေလဲ နည်းလာတယ်” ဟု ဝေယံထွန်းလင်း ဆောက်လုပ်ရေးမှ လုပ်ငန်းရှင် ကိုထွန်းထွန်းက ဆိုသည်။

အိမ်၊ ခြံ၊ မြေဈေး အကျိုးဆောင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှာ ဘဏ်ချေးငွေဖြင့် လုပ်ငန်းလည်ပတ်နေရပြီး အိမ်ခြံမြေ အရောင်းအဝယ်မှာလည်း အေးစက်လာမှုကြောင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များမှာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ယင်းအိမ်၊ ခြံ၊ မြေ ဈေးကွက်ထံမှ သိရှိရသည်။

အခုလက်ရှိ အထပ်မြင့် အဆောက်အအုံတွေ သတင်းတွေကြောင့် ဆောက်လုပ်ရေးဈေးကွက်မှာ ကြိုတင်ဝယ်ယူလဲ နည်းပါးသလို အကိုတို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကလဲ အခုဆို ရောင်းသူပဲ ရှိတယ်။ ဝယ်ယူကို မရှိတော့တာ။ အခုလက်ရှိ ဆောက်လုပ်ရေးဈေးကွက်ရော အိမ်၊ ခြံ၊ မြေ ဈေးကွက်ရော ရေရှည်ရပ်တည်နိုင်ဖို့က မလွယ်တော့ဘူး” ဟု မြောက်ဒဂုံမြို့နယ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ကိုသားကြီးက ဆိုသည်။

အရင်တုန်းက ကြိုပွိုင့်ဝယ်ယူပြီး ပြန်ရောင်းရင် ကြိုဝယ်ထားတဲ့သူက မြတ်တယ်။ အခုက ကန်ထရိုက်တွေက ကြိုတင်ငွေတွေယူပြီး ထွက်ပြေးတာတွေ ရှိသလို အခုလို အထပ်မြင့် အဆောက်အအုံတွေက ရပ်ဆိုင်းတာတွေ အထပ်လျှော့ခံရတာတွေ ကြားတော့ မဝယ်ရဲတော့ဘူး။ အစိုးရက ရောင်းမယ့် တန်ဖိုးနည်း တိုက်ခန်းတွေ လျှောက်တာမှ စိတ်ချရအုံးမယ်” ဟု လသာမြို့နယ်မှ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦး ဖြစ်သူ ဦးဝိုင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေဖြင့်လည်း နောင်ဆောက်မည့် အထပ်မြင့် အဆောက်အအုံများအား သတ်မှတ်ထားသည့် စံချိန်စံညွှန်းမီမမီ သေချာစစ်ဆေးပြီးမှ ခွင့်ပြုချက်ပေးတော့မှာ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။


Source: The Voice

Facebook comments