အခြေခံလူတန်းစားတွေ အိမ်ပိုင်ဆိုင်ရေး မျှော်လင့်ချက်နဲ့ ဘဏ်ချေးငွေ
လူတန်းစားမရွှေး အိမ်ရာပိုင်ဆိုင်ချင်တဲ့ အိမ်မက်တွေ ရှိနေကြပါတယ် ။အိမ်ပိုင်ဆိုင်သူအများစုက တိုးတက်နေတဲ့ လူဦးရေ အပြောင်းအလဲအလိုက် နောက်ထပ်အိမ်ရာတွေကို ဝယ်ယူဖို့ စိတ်အားထက်သန်ကြပါတယ် ။အိမ်ရာအတွက် နှစ်ရှည်ချေးငွေအိမ်ရာဝယ်ယူဖို့ ချေးငွေဆိုတာက အခုပြင်ပမှာ သတ်မှတ်ထားတဲ့ နှစ်ရှည်ချေးငွေက ပုဂ္ဂလိက ကန်ထရိုက်တွေမှာဆို အများဆုံးသာမန်တိုက်ခန်းတွေကို ငါးနှစ် အရစ်ကျနဲ့ဖြစ်ပြီး ပထမအကြိမ်ပေးသွင်းဖို့ ၂၀ ရာခိုင်နှုန်း ၊ ၃၀ ရာခိုင်နှုန်းကို မပေးနိုင်လို့ စောင့်ကြည့်ရသူတွေ များနေပါတယ် ။အခုနောက်ပိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတ်မှတ်လိုက်တဲ့ ဆောက်လုပ်ရေနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရဲ့ ရှစ်နှစ် အရစ်ကျစနစ်ကသာ ဘဏ်တစ်ခုအနေနဲ့ အများဆုံးပေးတဲ့ နှစ်ကာလအပိုင်းအခြား ဖြစ်ပါတယ် ။ ဒါကလည်း သိန်း ၆၀၀ တန် ဧရာဝဏ်နဲ့ ရတနာအိမ်ရာ ဝယ်ယူမှသာ ရနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ် ။သည်အစိုးရလက်ထက်မှာတော့ တန်ဖိုးနည်းအိမ်ရာတွေကို သိန်း ၁၀၀ အောက်နဲ့ ရောင်းချနိုင်ဖို့ လုပ်နေတာတွေ ရှိသလို ချေးငွေတွေကိုလည်း ရှစ်နှစ်အရစ်ကျကနေ ၁၅ နှစ်အထိ သတ်မှတ်နိုင်ဖို့ စီစဉ်နေကြပါတယ် ။ ကျပ်သိန်း ၁၀၀ တိုက်ခန်းကို ၁၅ နှစ်လောက်နဲ့ ပေးချေရမယ်ဆိုရင် ဝယ်ယူသူအနေနဲ့ သောင်းဂဏန်းဝန်းကျင်လောက်သာ ပေးချေရမှာ ဖြစ်ပါတယ် ။‘ချေးငွေရမယ်ဆိုရင်တော့ ကောင်းတာပေါ့ ၊ ဒါပေမဲ့ အခုဟာက အစိုးရအိမ်ရာကို မဲနှိုက်ရဦးမယ် ၊ ပေါက်မှ ကိုယ်က ဒီချေးငွေနဲ့ ဝယ်လို့ရမှာ ၊ အစိုးရအိမ်ရာက ရောင်းလိုက်တိုင်း လျှောက်လွှာတင်ပေမယ့် တစ်ခါမှမပေါက်ဖူးတော့ ဖြစ်နိုင်ရင် အပြင်က တိုက်ခန်းတွေကို ဒီလိုအရစ်ကျနဲ့ ရောင်းစေချင်တယ်’ လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ကိုနေထက်က ပြောပါတယ် ။အိမ်ရာအတွက် ဘဏ်ချေးငွေတွေနဲ့ ပတ်သက်ပြီး အစိုးရက ရောင်းချတဲ့ အိမ်ရာတွေ သီးသန့်မဟုတ်ဘဲ ပြင်ပက သက်သာတဲ့ အိမ်ခန်းတွေကိုလည်း သည်လိုအရစ်ကျပုံစံတွေနဲ့ ဝယ်ယူချင်သူတွေများပြားနေပါတယ် ။ အခုပြင်ပမှာဖြစ်နေတဲ့ ပြသနာတွေက အနည်းဆုံး ကျပ်သိန်း ၇၀ လောက်ရှိသူတွေလောက်သာ အိမ်ရာပိုင်ဆိုင်နိုင်တာဖြစ်လို့ လက်ရှိဈေးကွက်ထဲမှာ ပေးနေတဲ့ ချေးငွေတွေဖြစ်တဲ့ အီရွန်တို့လို့ အရစ်ကျချေးငွေတွေကို တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။‘ဘဏ်ကကျတော့ အိမ်ရာဝယ်ဖို့ ငွေထုတ်မချေးဘူးဆိုတာက ဝယ်တဲ့သူကို အပေါင်ပစ္စည်းတစ်စုံတစ်ခု မယူဘဲဒီအတိုင်းပေးဖို့တော့ ခက်ခဲတယ် ၊ ကိုယ်ပေးလိုက်တဲ့ငွေကို အာမခံပေးတဲ့ ကတ်ထရိုက်ကလဲ မရှိသလောက်နည်းတော့ ဝယ်ယူသူကို တိုက်ရိုက်ထုတ်ချေးတာ မရှိဘူး’ လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။အိမ်ရာတွေကို အရစ်ကျပုံစံနဲ့ ဝယ်ယူနိုင်ဖို့ အစိုးရဘက်က အိမ်ရာသစ်တွေ တည်ဆောင်ပေးတဲ့ လုပ်ငန်းတွေထက် လူတိုင်းဝယ်ယူလို့ ရနိုင်တဲ့ အရစ်ကျပုံစံနဲ့ နှစ်ရှည်ဘဏ်ချေးငွေတွေပေးပြီး လက်ရှိပုဂ္ဂလိက အိမ်ရာတွေကို ဝယ်ယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ် ။ သည်လို သိန်း ၁၀၀ နဲ့ သိန်း ၂၀၀ ဝန်းကျင် တိုက်ခန်းတွေကို လူလတ်တန်းစားတွေက ဝယ်ယူနိုင်သွားရင် အစိုးရက နောက်ထပ် အသစ်ဆောက်လုပ်မယ့် တန်ဖိုးတန်းအငှားအိမ်ရာနဲ့ အရောင်းအိမ်ရာတွေကို အခြေခံလူတန်းစားတွေက ဝယ်ယူလာနိုင်မှာ ဖြစ်ပါတယ် ။သမိုင်းကြောင်းလွန်ခဲ့တဲ့ ဆယ်နှစ်လောက်အတွင်း အိမ်ရာနဲ့ မြေတန်ဖိုးက အဆပေါင်းရာထောင်ချီ မြင့်တက်လာခဲ့ပြီး တခြားငွေကြေး၊ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ ကား ၊ ဖုန်း ၊ ဒေါ်လာ ၊ ရွှေ စတာတွေက ပုံမှန်အတိုင်း မြင့်တက်သွားတာတွေ ရှိကြသလို မှုဝါဒ ဥပဒေ စတဲ့ ပြောင်းလဲမှုတွေကြောင့် ဈေးနှုန်းတန်ဖိုးကျဆင်းလာတာတွေလည်း ရှိပါတယ် ။မြေဈေးနှုန်းတွေက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ အခု ၂၀၁၆ ခုနှစ် နှိုင်းယှဉ်မယ်ဆိုရင် တန်ဖိုးအနေနဲ့ အများကြီးကွာခြားတာတွေ ရှိနေပါတယ် ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အတွင်း က အိမ်ကိုရောင်းချပြီး အငှားဘဝနဲ့ နေထိုင်သူမိသားစုအနေနဲ့ လက်ရှိမှာ မြို့စွန်ဘက်က အိမ်ကိုတောင် ပိုင်ဆိုင်ဖို့ ခဲယဉ်းလာပါပြီ ။ ငွေကြေးဖောင်းပွမှု မြင့်တက်တာနဲ့အတူ ဈေးအဆမတန် ခုန်တက်မှုတွေက အိမ်ရာပိုင်ဆိုင်ဖို့ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကို စိန်ခေါ်မှုတွေ ဖြစ်စေပါတယ် ။‘၂၀၁၇ ခုနှစ်လောက်က မြေဈေးတွေက သာကေတဘက်တွေမှာဆိုရင် သိန်း ဆယ်ဂဏန်းလောက်နဲ့ရတယ် ၊ အများဆုံးမှ ၁၀၀ စွန်းစွန်းပဲ ၊ အဲဒီတုန်းက ကားဈေးတွေကြည့်မယ်ဆိုရင် မတ်တူးကို သိန်း ၂၅၀ လောက်ပေါက်တယ် ၊ ဖုန်းတွေဆိုလဲ ဒီအတိုင်းပဲ သိန်း ၅၀ လောက်အထိ ပေးရတဲ့အခြေအနေတွေ ၊ အဲဒီတုန်းက မြေဝယ်ထားတဲ့သူက အခုချိန်မှာ ရင်းနှီးမြှုပ်နှံမှုမှန်ပေမဲ့ တခြားကဏ္ဍတွေကတော့ အားလုံးအရှုံးကြီးပဲ’ လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ ဦးဝင်းအောင်က သူ့အမြင်ကို ပြောပြပါတယ် ။တချို့ငွေရင်းနှီးမြှုပ်နှံဖို့ လက်တွန့်တဲ့ ငွေကြေးလည်ပတ်မှုများတဲ့ သူတွေကျတော့လည်း စပေါ်သဘောမျိုးပေးပြီး ငှားနေကြသူတွေ ရှိခဲ့ပါတယ် ။ သည်လူတွေက အရင်က မြို့ထဲတိုက်ခန်းတွေကို တစ်လငှားရမ်းခကို စပေါ်သိန်း ၅၀ လောက်ပေးပြီး အိမ်လခ နည်းနည်းနဲ့ နေထိုင်ကြတာဖြစ်ပါတယ် ။အရင်တာမွေ အာသောက ဘက်က တိုက်ခန်းအများစုမှာ ရှိခဲ့ပါတယ် ။ အဲသည်အချိန်အတိုင်းအတာက သည်ငွေပမာဏက မြို့သစ်တွေဖြစ်တဲ့ တောင်ဒဂုံ ၊ မြောက်ဒဂုံလိုနေရာတွေမှာ ပေ ၂၀ x ပေ ၆၀ လုံးချင်းအိမ် ဝယ်နိုင်တဲ့ ပမာဏ ဖြစ်ခဲ့ပါတယ် ။သည်လို ငှားရမ်းနေကြတဲ့သူတွေ အတွက် အခုသည်ငွေပမာဏက အဆင့်မြင့်အိမ်ရာတွေရဲ့ တစ်နှစ်ငှားရမ်းခ နှုန်းထားအဖြစ် ရောက်ခဲ့ပါပြီ ။ကျပ်သိန်း ၅၀ လောက်နဲ့ အိမ်ပိုင်ဆိုင်ဖို့ဆိုတာ လက်ရှိလူနေထိုင်မှု စိတ်လာတဲ့ ရပ်ကွက် ၊ မြို့နယ်တွေမှာ မရနိုင်တော့ပါဘူး။Source: The Kumudra
Facebook comments