09-261334475

ဆောက်လုပ်ရေးအသင်းပိုင် မြေနေရာတွင် အဆောက်အအုံများ ဆောက်ရန် ပြည်ပလုပ်ငန်းရှင်များ ကမ်းလှမ်းမှုများ ရှိလာ

သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် သံသုမာ လမ်းထောင့်ရှိ အကျယ်အ၀န်း နှစ်ဧက ကျော် ကျယ်ဝန်းသည့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းပိုင် မြေနေရာပေါ်တွင် အထပ်မြင့် အဆောက်အအုံများ၊ ဈေးဝယ်စင်တာများ ပါဝင်သည့် Mix use complex အဆောက်အအုံများ ဆောက်လုပ်ရန် ပြည်ပလုပ်ငန်း ရှင်များက ကမ်းလှမ်းမှုများရှိလာကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ  လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

"ဒီမြေနေရာကို development လုပ်ချင်တဲ့ သူတွေက လာပြီးကမ်းလှမ်းတာတွေ  ရှိနေ ပါတယ်။ သူတို့ပေးမယ့် အကျိုးအမြတ်ကတော့ ဒေါ်လာသန်း ၃၀ ကို ငွေသား အဖြစ် အလိုက်ပေးမယ့်အပြင် ထွတ်လာမယ့် အခန်း တွေရဲ့ ၃၀ ရာခိုင်နှုန်းကိုလည်း  အချိုးကျရမှာ ဖြစ်ပါတယ်။ အသင်းပိုင်မြေ ဖြစ်တဲ့အတွက် ကြောင့်လည်း အသင်းသားစုံညီ အစည်း အဝေးခေါ်ယူပြီး အတည်ပြုပြီးမှသာ တည် ဆောက်ရေး လုပ်ငန်းတွေကို  လုပ်ကိုင်သွား မှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၂၈ ရက်တွင် မြန်မာကွန်ဗင်းရှင်း စင်တာ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်း၏ အသင်းသားစုံညီ အထူး  အစည်းအဝေးပွဲတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမြေနေရာကို မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ၁၉၉၆ ခုနှစ်ကစ၍ ရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ်ကစ၍ အဆောက်အအုံ ဆောက်လုပ်ခြင်း။ ခြံစည်းရိုး ကာရံခြင်းများ လုပ်ဆောင် ပြီး အသင်း၏ လုပ်ငန်းများကို ယင်းနေရာတွင် စတင်လည် ပတ်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်းတွင် အသင်းဝင် စုစုပေါင်း ၃,၀၀၀ ကျော်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင်ပါ ရုံးခွဲများဖွင့်လှစ်နိုင်ရန် လုပ် ဆောင်နေဆဲဖြစ်သည်။ သာကေတ၊ သင်္ဃန်းကျွန်း၊ တာမွေမြို့နယ် တို့အနီး သွားလာရေး လွယ်ကူ အဆင်ပြေစေသည့် ယင်းအသင်းပိုင်မြေနေရာကို ၁၉၉၆ ခုနှစ်ကစတင်၍ နိုင်ငံတော်က မြေနေရာချထားပေးခဲ့ပြီး အဆောက်အအုံများ ဆောက်လုပ် ခဲ့ပြီးဖြစ် သည်။ ကြားကာလအတွင်း အစိုးရ အဆက်ဆက် ပြောင်းလဲသွားခဲ့သော်လည်း ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားများဖြစ် သည့် မြေချပါမစ်၊ စလစ်၊ မြေငှားစာချုပ်များ မရှိသေးသည့်အတွက် တရားဝင် အထောက် အထားတစ်ခုဖြစ်သည့် မြေငှားစာချုပ် ဂရန် ရရှိနိုင်ရန်ပြန်လည် ကြိုးစားလုပ်ဆောင်ခဲ့ရ ကြောင်း ဦးသာဌေးက ပြောသည်။

မကြာ သေးမီက ယင်းမြေနေရာအတွက် မြေဂရန် ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အစည်းအဝေး တွင် ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်၊ ကိုရီးယားနှင့် ဂျပန်လုပ်ငန်းရှင်များက ယင်းမြေနေရာပေါ်တွင် ဖွံ့ဖြိုးရေး စီမံကိန်းများ ပြုလုပ်ရန် အဆိုပြုတင်ပြ  လာခြင်းဖြစ်ပြီး စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိ တန်ကြေးရှိသည့်အပြင် အသင်းသားများ၏ သဘောတူညီချက် ဖြင့် ယင်းစီမံကိန်းကို ဆောက်လုပ်ခွင့်ပြုမည် ဆိုပါကလည်း ကနဦး နှစ် ၅၀၊ ထပ်တိုး ၁၀ နှစ်၊ နှစ်ကြိမ် စုစုပေါင်း နှစ်ပေါင်း ၇၀သဘောတူစာချုပ်ဖြင့် မြေငှားရမ်းပေးသွား မည်ဖြစ်သည်။

Build operate Tranfer (BOT ) စနစ်ဖြင့် အကျိုးတူ လုပ်ကိုင်မည်ဖြစ်ပြီး အသင်း၏ ရေရှည်အကျိုးစီးပွားအတွက် အသင့်တော်ဆုံး အဖွဲ့ဖြင့်သာ လက်တွဲလုပ်ကိုင်သွားရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ  အသင်း၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက မြန်မာတိုင်း(မ်)နှင့်သီးခြားတွေ့ဆုံစဉ် ပြောသည်။ "ရှေ့နှစ် မေ၊ ဇွန်လောက်မှာ ပြုလုပ်တဲ့ အထူးအစည်း အဝေးမှာ ဆုံးဖြတ်ပြီးရင် စီမံကိန်းလုပ်ငန်းတွေကို ၂၀၁၆ ဒီဇင်ဘာလ လောက်မှာ  စပြီးလုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဘယ်နိုင်ငံကအဖွဲ့ကို ပေးမယ်ဆိုတာတော့  မဆုံးဖြတ်သေးပေမယ့် ကမ်းလှမ်း လာတဲ့ အဆိုပြုချက်တွေကိုကြည့်ပြီး ဆုံးဖြတ်သွား မှာပါ။ နိုင်ငံငါးနိုင်ငံကနေ အဖွဲ့ ရှစ်ဖွဲ့ လာကမ်းလှမ်းထားတာတော့ ရှိနေပါတယ်။ ဥက္ကဋ္ဌကြီး အခုအစည်းအဝေးမှာ ပြောသွားတဲ့ ဒေါ်လာသန်း ၃၀ အသားတင်ငွေသားရယ်၊ အခန်းရဲ့ ၃၀ ရာခိုင်နှုန်းရယ် ပြန်ပေးမယ်လို့ ပြောတာကတော့ ဂျပန်အဖွဲ့ ဖြစ်မယ်ထင်ပါ တယ်။ ရှိတဲ့မြေနှစ်ဧကလုံးကို အကုန်မဆောက်ပါဘူး။ တစ်ဧကခွဲလောက် ကိုပဲ အဆောက်အအုံဆောက်ဖို့ သုံးသွားမှာပါ။ ၃၄ ထပ်အထိမြင့်တဲ့ လူနေ အဆောက်  အအုံတွေပါ ထည့်သွင်းတည်ဆောက်မှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းအတွက် နေပြည်တော် ဟိုတယ်ဇုန်အနီးတွင် ရရှိထား သည့် မြေဧက ငါးဧက ပေါ်တွင်လည်း  ဖွံ့ဖြိုး ရေး စီမံကိန်းလုပ်လိုသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအချို့၏ အကျိုးတူ  ပူးပေါင်း လုပ်ဆောင်လိုသည့် ကမ်းလှမ်းမှုများ ရှိလာ နေကြောင်း အသင်းဥက္ကဋ္ဌ  ဦးသာဌေးက ပြောသည်။ သို့သော် ယင်းမြေနေရာပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် သက်ဆိုင် သည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေး မည့် သင်တန်းကျောင်းများတည်ဆောက် ရန်လျာထားကြောင်း ၎င်းကပြောသည်။


Source : http://myanmar.mmtimes.com/

Facebook comments