ကန်ထရိုက်တိုက်ခန်းဝယ်ယူရင် သတင်းစာထဲကြော်ငြာတာ ခိုင်မာမှုရှိ
ကန်ထရိုက်တာတွေအပေါ်မှာ ယုံကြည်မှုကင်းမဲ့လာတာကြောင့် သတင်းစာထဲကနေ သတင်းပေးကြော်ငြာတွေ ကန့်ကွက်ကြော်ငြာစာတွေ ထည့်ကြပြီး ကြော်ငြာတာတွေများလာတဲ့အတွက် ဝယ်ယူထားသူတွေ သေချာ စိစစ်သင့်တယ်လို့ သိရတယ်။ကန်ထရိုက်တာတွေက အရစ်ကြနဲ့ ကြိုပွိုင့် ရောင်းထားပြီး တချို့ကန်ထရိုက်တွေက အခန်းမအပ်ဘဲ ထပ်မံရောင်းချတာမျိုးတွေ ရှိတယ်။ဝယ်ယူထားပြီး အခန်းမရသေးတဲ့ သူတွေနဲ့ လက်ငင်းပေးဝယ်ယူသူတွေကပါ ကန်ထရိုက်တာတွေအပေါ် ယုံကြည်မှုနည်းတာကြောင့် သတင်းစာထဲကနေ ကြော်ငြာပြီး ဝယ်ကြတာလို့ ပြောပါတယ်။ကန်ထရိုက်တာ ဦးဇော်နိုင်က ‘ဝယ်သူက ကြော်ငြာထည့်ပြီး သေချာမှ ငွေအကြေချေပြီး ဝယ်မယ်ပြောတယ်၊ အစကတော့ စိတ်တိုတာပေါ့၊ မယုံသလိုနဲ့ လုပ်တယ်ဆိုပြီး သူတို့ကလဲ သေချာအောင်လုပ်တာပေါ့၊ ခုနောက်ပိုင်းက အရှုပ်အရှင်းတွေများတော့ စိတ်ချရအောင်လို့ ပြောတယ်၊ ဈေးကွက်ထဲမှာက လုပ်စားနေသူတွေရှိတော့ တကယ်လုပ်နေတဲ့သူတွေပါ ထိခိုက်တယ်၊ သတင်းစာတွေထဲမှာ ကြည့်လိုက် ကန်ထရိုက်နဲ့ ပတ်သတ်တဲ့ အမှုတွေ ကြော်ငြာထားတာတွေ အများကြီး’ လို့ သူကြုံခဲ့ရတာတွေနဲ့ ဈေးကွက်အတွင်း အဖြစ်အပျက်တွေကို ပြောပါတယ်။သတင်းစာတွေထဲမှာ ကန်ထရိုက်တာက ပြီးအောင်မဆောက်ပေးလို့ အသိပေးတာတွေ ဝယ်ထားသူက ငွေသွင်းထားပေမဲ့ အခန်းလက်ထဲမရသေးလို့ ကန်ထရိုက်ကို တရားစွဲဆိုတာတွေ၊ ဝယ်သူတွေက သူတို့ဝယ်မယ့် အခန်းဘယ်နေရာ၊ ဘယ်သူပိုင်မြေရှင်က လက်မှတ်ထိုးပေးထားတာတွေ ကန့်ကွက်လို့ရကြောင်းတွေကို ကြော်ငြာလာကြတာပါ။တချို့မြေရှင်တွေက ကန်ထရိုက်နဲ့ ဖြေရှင်းလို့ မရတော့တာကြောင့် သူမြေကို သူပြန်သိမ်းလိုက်တာတွေကို ကြော်ငြာတာတွေလည်းရှိတယ်။ဝယ်ယူထားသူတွေက ကန်ထရိုက်နဲ့ပဲ ဖြေရှင်းကြဆိုပြီး တာဝန်ယူမှု မရှိတော့ကြောင်းကို ကြော်ငြာတာတွေလည်း ရှိလာပါတယ်။အထက်တန်းရှေ့နေ ဒေါ်စန်းစန်းအေးက ‘လက်ခံထားတဲ့ အမှုမှာ ကြိုပွိုင့်ဝယ်ထားတဲ့ အခန်းနှစ်ခန်းကို ကန်ထရိုက်တာက မအပ်ဘဲ နောက်ဆုံးအရစ် ကျန်တာငွေသွင်းဖို့ကို အခန်းကမပြီးသေးဘူး၊ တခြားသူတွေကို ထပ်ရောင်းမှာစိုးလို့ အမှုလာအပ်ကြတာ၊ အခုတော့ ဒီအခန်းနှစ်ခန်းကို ရောင်းတာ၊ ဝယ်တာ၊ ငှားရမ်းတာ၊ ပေါင်နှံတာတွေ လုပ်ရင် လုပ်တဲ့သူရော လက်ခံသူကိုပါ တရားစွဲဆိုမယ်ဆိုပြီး ကြော်ငြာထည့်ပေးထားရတယ်’ လို့ ပြောပါတယ်။ဝယ်သူတွေသတိထားဖို့ လိုတယ်ဆိုတာက အခုလို အရှုပ်အထွေးတွေများတဲ့ အခန်းတွေကို မသိဘဲ ဝယ်ယူမိတဲ့အခါ တရားစွဲဆိုခံရနိုင်တာကြောင့် ဖြစ်တယ်။ဝယ်သူတွေအနေနဲ့ သတိထားသင့်ပြီး သေချာစိစစ်သင့်တာ ဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် တချို့တိုက်ခန်းဝယ်သူတွေက ဝယ်ယူတဲ့အခန်းကို ဝယ်ယူတော့မှာ ဖြစ်တာကြောင့် ကန့်ကွက်နိုင်ကြောင်းတွေ၊ ငွေပေးချေတော့မှာ ဖြစ်ကြောင်းတွေ ကြော်ငြာလာတာ ဖြစ်တယ်လို့ သိရပါတယ်။Source:Kumudar
Facebook comments