ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုကို အထူးစီးပွားရေးဇုန်များကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုရှိလာစေရန် အဆင့်မြှင့်တင်မည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် လျှပ်စစ်ဓာတ်အားရရှိရန်၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ ရေဆိုးစွန့်ပစ်မှုစနစ်၊ ရေကောင်းရေသန့် ရရှိနိုင်ရန်နှင့် အမှိုက်သိမ်းစနစ် ကောင်းမွန်ရန် ပြုလုပ်မည်ဟု ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကချက်ထရီယံဟိုတယ်၌ ကျင်းပသော GE’s CSR and Sustainability in Myanmar အခမ်းအနား၌ ပြောသည်။
‘‘ဝန်ကြီးချုပ်အနေနဲ့ တကယ်လုပ်ချင်တယ်ဆိုရင် ဖြစ်ပါတယ်’’ ဟု ရွှေလင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များကို အဆင့်မြှင့်ရန် ဇွန်လမှစတင်ပြီး စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီများကို အသိပေးခဲ့သည်။ သို့သော် ဇူလိုင်လလယ်အထိ တိုင်းဒေသကြီးအစိုးရက မည်သည့်လုပ်ဆောင်ချက်မျှ စတင်နိုင်ခြင်းမရှိသေးကြောင်း စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူအချို့က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အပြောမဟုတ်ဘဲ လက်တွေ့လုပ်ရန် မှာကြားထားသည်။
လက်ရှိစက်မှုဇုန် ၂၉ ခုတွင် အဓိကရင်ဆိုင်နေရသော ပြဿနာမှာ ကျူးကျော်တဲများ ဆက်တိုက်ဆောက်လုပ်နေခြင်းဖြစ်ပြီး ယခုအချိန်အထိ စက်မှုဇုန်များ၌ ကျူးကျော်စာရင်း ကောက်ယူမည့် အစီအစဉ်ကို ပြီးမြောက်အောင်လုပ်ကိုင်နိုင်ခြင်းမရှိ၍ စက်မှုဇုန်စီမံခန့် ခွဲမှုကော်မတီမှ တာဝန်ရှိသူအချို့က ဝေဖန်နေကြသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် လုပ်ငန်းမလုပ်ကိုင်သော စက်ရုံများနှင့် မြေကွက်များ ဝယ်ယူရင်းနှီးမြှုပ်နှံထားခြင်းကလည်း စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် ပြဿနာတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော စက်ရုံ၊ မြေကွက်များကို စာရင်းကောက်ယူနေကြောင်း သိရသည်။ ထိုသို့ စာရင်းကောက်ယူပြီး တိုင်းဒေသကြီးအစိုးရထံ တင်ပြမည်ဟု စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီတာဝန်ရှိသူအချို့က ပြောသည်။ ရန်ကုန်တိုင်းရှိ စက်မှုဇုန် ၂၉ ခုတွင် လုပ်ငန်းမလုပ်သည့် မြေကွက် ၂,၃၃၉ ဧကနှင့် ဂိုဒေါင် အလွတ် ၁,၂၉၉ လုံးရှိသည်ဟု စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီက ၂၀၁၄ တွင် ကောက်ယူထားသော စာရင်းများ၌ ဖော်ပြထားသည်။
စက်မှုဇုန်များအဆင့်မြှင့်တင်မည်ဆိုပါက ကျူးကျော် ပြဿနာ၊ လျှပ်စစ်မီးပြတ်တောက်မှုပြဿနာ၊ လမ်းနှင့်အခြေခံအဆောက်အအုံ ပြဿနာ၊ ရေဆိုးစွန့်ထုတ်မှု ပြဿနာများသည် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များ ကြုံတွေ့နေရသည့် အခြေခံ ပြဿနာများဖြစ်သည်။
ထိုအခြေအနေများကြောင့် ယခင်အစိုးရလက်ထက်နိုင်ငံရေး ပြောင်းလဲခဲ့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသ၍ ဝင်ရောက်လာခြင်း မရှိပေ။ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးဆုံးစက်မှုဇုန်တစ်ခုဖြစ်သော လှိုင်သာယာစက်မှုဇုန်၌ပင် နိုင်ငံခြားသားရင်းနှီးမြှုပ်နံှမှုသည် ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်သည် ယခင်အစိုးရလက်ထက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားကြသည်။ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူသည် အခွန်ကင်းလွတ်ခွင့်များ၊ လျှပ်စစ်၊ ရေ၊ လမ်းပန်းဆက်သွယ်ရေး စသောအခြေခံအဆောက်အအုံများ ပြည့်စုံမှု၊ နိုင်ငံတကာချိတ်ဆက်မှု စသောလုပ်ငန်းများ အခြားသော စက်မှုဇုန်များထက် အခွင့်အလမ်းပိုကောင်းနေသည်။ ထို အခွင့်အလမ်းများကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်များက အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး ပြည်တွင်းစက်မှုဇုန်များ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု နည်းပါးခဲ့သည်။
ထို့ကြောင့် ပြည်တွင်းစက်မှုဇုန်များကို အဆင့်မြှင့်တင်ပေးရန် ယခင်လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က အကြံပြုသည်။
Source: 7daydaily