09-261334475

မူအားဖြင့်တည်ဆောက်ခွင့်ပြုထားတဲ့ အထပ်မြင့်အဆောက်အအုံ ၅၁ လုံးထဲက ၂၇ လုံးကို စစ်ဆေးပြီးဟုဆို

မူအားဖြင့် တည်ဆောက်ခွင့်ပြုထားတဲ့ အထပ်မြင့်အဆောက်အအုံ ၅၁ လုံးထဲက ၂၇ လုံးကို စစ်ဆေးပြီးပြီလို့ ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့ အညီအဆောက်အအုံများ တည်ဆောက်မှုစိစစ်ရေးကော်မတီက ဦးရဲမင်းဦးက ပြောပါတယ် ။

ပြီးခဲ့တဲ့အစိုးရလက်ထက်က တည်ဆောက်ဖို့ မှုအားဖြင့်ခွင့်ပြုပေးထားတဲ့ အထပ်မြင့်အဆောက်အအုံတွေထဲက ၅၁ လုံးကို အစိုးရသစ်လက်ထက်မှာ အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ် ။

ဦးရဲမင်းဦးက ‘မူအားဖြင့် စစ်ဆေးတာက နှစ်သုတ်ပြီးသွားပြီ ၊ အခု တတိယသုတ်တောစစ်နေပြီ ၊ ပထမအသုတ်က ၁၉ လုံး ၊ ဒုတိယအသုတ်က ရှစ်လုံးစစ်ပြီးသွားပြီ’လို့ ပြောပါတယ် ။

တစ်ပတ်နှစ်ရက်နှုန်း

မူအားဖြင့် တည်ဆောက်ခွင့်ပြုထားတဲ့ အထပ်မြင့်အဆောက်အအုံတွေကို တစ်ပတ်နှစ်ရက်နှုန်းနဲ့ စစ်ဆေးပေးတာ ဖြစ်ပါတယ် ။ မူအားဖြင့် တည်ဆောက်ခွင့်ပြုထားတဲ့ အဆောက်အအုံတွေက (Drawing) အဆောက်အအုံမူကြမ်း ရေးဆွဲတာနဲ့ ဆောက်လုပ်ရေးကလည်း မြေပြင်ရှင်းလင်းတာလောက်ပဲ ရှိတာကြောင့် ကွင်းဆင်း မစစ်ဆေးဘဲ စာရွက်စာတမ်းသာ စစ်ဆေးတယ်လို့ သိရပါတယ် ။

ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့ အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ‘မြို့ပြအင်္ဂါရပ်ကို ဘယ်လိုထိခိုက်နိုင်လဲ ၊ သူ့ရဲ့ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်နိုင်လဲ အဲဒါတွေကို အဓိက စစ်တယ်’ လို့ပြောပါတယ် ။

ရန်ကုန်မြို့က အထပ်မြင့် အဆောက်အအုံတွေ စစ်ဆေးဖို့မေလ ၂၀ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြော်ညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။ 

သည်ကြော်ညာချက်အရ အဆောက်အအုံ တည်ဆောက်ဖို့ စည်ပင်သာယာက ခွင့်ပြုမိန့်(ပါမစ်ကြီး)ရပြီးတဲ့ အဆောက်အအုံ ၆၄ လုံးနဲ့ မူအားဖြင့် ခွင့်ပြုချက်ပေးထားတဲ့ အဆောက်အုံ ၆၄ လုံးနဲ့ မှုအားဖြင့်ခွင့်ပြုပေးထားတဲ့ အထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးကို တည်ဆောက်ခွင့်ပေးဖို့ ပြန်လည်စိစစ်မှာ ဖြစ်ပါတယ် ။

သည်စစ်ဆေးခံရတဲ့ အထပ်မြင့်အဆောက်အအုံတွေထဲက စာရွက်စာတမ်း အချက်အလက်တွေ (On paper) စစ်ဆေးပြီး မြို့ပြအင်္ဂါရပ်နဲ့ အကိုက်ညီတဲ့ အထပ်မြင့် ၁၂ လုံးကိုတော့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါတယ် ။

နှစ်လနီးပါး အဆောက်အအုံဆောက်လုပ်ခွင့်ရပ်နားစစ်ဆေးပြီးနောက် မြေပြင်ကွင်းဆင်းစစ်ဆေးခံရတဲ့ အထပ်မြင့် ၁၂ လုံးကို အထပ်လျှော့တာနဲ့ တည်ဆောက်ခွင့်ပြန်တင်ဖို့ ဆောင်ရွက်ခဲ့ပြီး ၅၁ လုံးကိုတော့ ပြန်လည်တည်ဆောက်ခွင့်ပြုလိုက်ပါတယ် ။

အားလုံးကိုစစ်ဆေး

အထပ်မြင့်အဆောက်အအုံတွေကို မြို့ပြအင်္ဂါရပ်တွေ အပြင်သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ငလျင် ၊ မီးဘေးကျရောက်ရင် သည်အဆောက်အအုံတွေ အန္တရာယ်ဘယ်လောက်အထိဖြစ်နိုင်သလဲ ၊ အဆောက်အအုံမှာ နေထိုင်တဲ့သူတွေရဲ့ လူမှုပုံရိပ် (Social Image) စတဲ့ အချက်တွေအားလုံးကို စစ်ဆေးတာဖြစ်ပါတယ် ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆောက်အအုံတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းခိုင်ခံ့မှုတွေကို စစ်ဆေးတာဖြစ်ပြီး ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့ အညီအဆောက်အအုံများ ဆောက်လုပ်မှု စစ်ဆေးရေးကော်မတီက စည်ပင်သာယာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအပြင် မြို့ပြတစ်ခုလုံးကို စစ်ဆေးတာဖြစ်တယ်လို့ ဦးရဲမင်းဦးက ရှင်းပြပါတယ် ။

ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့ အညီ အဆောက်အအုံများ ဆောက်လုပ်မှုစစ်ဆေးရေးကော်မတီက စစ်ဆေးပြီးတဲ့ အချက်အလက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြရတာဖြစ်ပြီး တိုင်းဒေသကြီး အစိုးရက အထက်အေလျှာ့တာ ၊ ပြန်ပြုပြင်ခိုင်းတာ ၊ တည်ဆောက်ခွင်ပြန်တင်တာတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တစ်ဆင့် အမိန့်ထုတ်ပြန်ပြီး အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ် ။


Source: The Modern

Facebook comments