လယ်ယာမြေအကွက်ရိုက်ပြသနာကြောင့် ပြည်ဦးလွင် အိမ်ခြံမြေဈေးကွက် အေးစက်
မြေအရောင်းအဝယ်နဲ့ပတ်သက်ပြီး အရှုပ်အရှင်းပြသနာတွေကြောင့် ပြည်ဦးလွင်အိမ်ခြံမြေဈေးကွက်မှာ မြေအရောင်းအဝယ်ရပ်တန့်နေပြီး ဈေးနှုန်းပါ ကျဆင်းလာတယ်လို့ နယ်မြေအကျိုးဆောင် တချို့က ပြောပါတယ် ။လယ်ယာမြေ အကွက်ရိုက်ရောင်းချမှုတွေ ၊ သစ်တောမြေ အကွက်ရိုက်ရောင်းချမှုတွေ စတဲ့ လွှဲပြောင်းရောင်းဝယ်ခွင့်မရှိတဲ့ မြေရောင်းဝယ်မှုတွေကို ပြင်းပြင်းထန်ထန်တားဆီးပိတ်ပင်ဖို့ အာဏာပိုင်တွေဘက်က ကြိုးစားလာတာကြောင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေ အကွက်ရိုက်ကွက်တွေမှာ မြေပိုင်ဆိုင်မှု အရှုပ်အရှင်း ၊ ငွေကြေးအရှုပ်အရှင်း ပြသနာတွေ ပေါ်ပေါက်နေပါတယ်။ဝယ်သူမရှိအဆိုပါ အရှုပ်အရှင်းပြသနာကြောင့် တစ်ချိန်က အရောင်းအဝယ်သွက်ခဲ့တဲ့ ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေအရောင်းအဝယ်ဈေးကွက် တစ်ခုလုံးမှာ အခုအခါဝယ်သူမရှိဘဲ ဖြစ်နေတယ်လို့ နယ်ခံမြေပွဲစားအချို့က ပြောပါတယ် ။‘ခွင်ပြုချက်မဲ့ အကွက်ရိုက်တွေက သိန်း ၊ သောင်းရှိတယ် ၊ အဲဒီမှာဖြစ်နေတဲ့ ပြသနာတွေက အများကြီးဆိုတော့ ဝယ်လက်က ပြင်ဦးလွင်ဆိုရင် သိပ်စိတ်မဝင်စားသလို ဖြစ်နေတယ် ၊ မြို့ထဲက တရားဝင်မြေတွေတောင် အရောင်းအဝယ်သိပ်မရှိဘူး’ လို့ နယ်ခံမြေပွဲစား ဒေါ်သင်းသင်းက ပြောပါတယ် ။ပြင်ဥိးလွင်မြို့နယ် အနီးစခန်းလေယာဉ်ကွင်း အနီးရှိ ဆင်ခေါင်းကြီး ကျေးရွာနေမြေအကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးကလည်း’ ဝယ်သူက တွန့်သွားပြီး ဘယ်လိုအာမခံခံ မယုံကြည်ချင်တော့ဘူး ၊ နဂိုကတည်းမှ အေးနေတာ ၊ အခုဒီလိုကိစ္စတွေဖြစ်တော့ အရောင်းအဝယ်က လုံးဝကို ရပ်သွားတာ ၊ ဘာမြေမှကို အရောင်းအဝယ်မဖြစ်ဘူး’ လို့ပြောပါတယ် ။ဝယ်လက်မရှိလို့ အရောင်းအဝယ်ကျဆင်းလာတာနဲ့ အမျှ ဈေးနှုန်းပါကျဆင်းလာခဲ့ပြီး အခုလဆန်းပိုင်းက ကျပ် သိန်း ၈၀ ခန့်ပေါက်ဈေးရှိခဲ့တဲ့ ပေ ၄၀ ပတ်လည်မြေကွက်ဆိုရင် အခုကျပ်သိန်း ၄၀ ခန့် ဈေးခေါ်ရောင်းတာတောင် ဝယ်သူမရှိဘူးလို့ သိရပါတယ် ။ပြင်ဦးလွင်မြေယာအရှုပ်အရှင်း ပြသနာကြောင့် မန္တလေးပတ်ဝန်းကျင်ရှိ လယ်ယာမြေအရောင်းအဝယ်ဈေးကွက်ကိုပါ ဂယက်ရိုက်စေပါတယ် ။မန္တလေးမြို့ကနေ ပြင်ဦးလွင်သွားတဲ့ ကားလမ်းဘေးပတ်ဝန်းကျင်က မြေယာတွေ ၊ ပုသိမ်ကြီးမြို့နယ်သွား ကားလမ်းဘေးပတ်ဝန်းကျင်က မြေယာတွေ ၊ မတ္တရာဘက်သွားတဲ့ ကားလမ်းဘေးပတ်ဝန်းကျင်က မြေယာတွေနဲ့ စစ်ကိုင်း ၊ တံတားဦးပတ်ဝန်းကျင်က မြေယာတွေမှာပါ အခုအခါအရောင်းအဝယ်ရပ်နေတယ်လို့ နယ်ခံအကျိုးဆောင်တချို့က ပြောပါတယ် ။Source: The Kumudra
Facebook comments