09-261334475

အရောင်းအဝယ်ရှိတယ်ဆိုပေမယ့် ကျားကန်နေရဆဲ အိမ်ခြံမြေဈေးကွက်

လက်ရှိအိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်က ပြန်ကောင်းလာမယ့်အချိန်ကို စောင့်ရင်းကျားကန်နေကြရတဲ့ ဈေးကွက်လိုဖြစ်နေတယ်လို့ အကျိုးဆောင်တစ်ချို့ဆီက သိရပါတယ် ။

အများစုက အရောင်းအဝယ်ဈေးကွက်အေးနေတယ်လို့ ပြောပေမဲ့ ဈေးကွက်က လုံးဝအရောင်းအဝယ်မဖြစ်တာမျိုး မဟုတ်ဘူးလို့ အကျိုးဆောင်တချို့က ပြောပါတယ် ။ အရင်က ဈေးကွက်အခြေအနေတွေလို အခုအရောင်းတင်အခုရောင်းထွက်တာမျိုး မဟုတ်ပေမဲ့ သူ့နေရာဒေသ မြို့နယ်တွေအလိုက် အဝယ်တွေရှိနေပါတယ် ။ အရောင်းအဝယ်မဖြစ်တာလား ၊ ဈေးကျနေတာလားဆိုတာ မကွဲပြားဘူးဆိုပေမဲ့ ဈေးကွက်ထဲမှာတော့ သူ့နေရာအလိုက် အရောင်းအဝယ်ဖြစ်နေတာ ဖြစ်တယ် ။

ဝယ်ရောင်းအကျိုးဆောင် ဦးကျော်စွာက ‘ဈေးကွက်က လုံးဝအေးစက်နေတာတော့ မဟုတ်ပါဘူး ၊ ဈေးကွက်အပြောင်းအလဲအခြေအနေတွေကြောင့် ဖြစ်တတ်တဲ့သဘောအရ အခုလိုအရောင်းအဝယ်နှေးသွားတာပါ ၊ ခုချိန်ကတော့ ဝယ်သူအကြိုက်ဈေးကွက် အခြေအနေပေါ့လေ ၊ အရောင်းသမားတွေ ဈေးကွက်မဟုတ်ဘဲ ပြောင်းလဲသွားတာပါ’ လို့ပြောပါတယ် ။

အရောင်းအဝယ်ဈေးကွက် သဘောအရ ဈေးတက်တဲ့အချိန်တွေမှာလည်း ဈေးကွက်အခြေအနေကို စောင့်တတ်ကြသလို ဈေးကွက်အပြောင်းအလဲရှိတဲ့ အချိန်တွေမှာလည်း ရောင်းမယ့်သူက ရောင်းဖို့အတွက် ဈေးချိန်ညှိတတ်ကြတာဖြစ်တယ် ။

မြို့တွင်းမြို့နယ်တွေမှာတော့ ပုဂ္ဂလိကပိုင်း အထပ်မြင့်တိုက်ခန်းတွေ ၊ ကွန်ဒိုတွေရဲ့ အရောင်းအဝယ်ဈေးကွက်ကျဆင်းတာမျိုးတချို့ရှိတယ်လို့ သိရတယ် ။ အဝယ်ရှိတယ်ဆိုပေမဲ့ ဝယ်သူက နီးစပ်ရာနေရာမှာပဲ ဝယ်တာမျိုးတွေတော့ ရှိတယ် ။ ဈေးကွက်က အရင်ကလိုမဟုတ်ပေမဲ့ အငှားဈေးကွက်လောက်ပဲရှိတာ များလို့လည်း သိရပါတယ် ။

မေတ္တာအကျိုးဆောင်က ဦးမင်းထက်က ‘မြို့ထဲပိုင်းမှာတော့ လုပ်ငန်းပိုင်းအတွက် ငှားကြတာများတယ် ၊ အရောင်းအဝယ်က လုံးဝအေးစက်နေတာတော့ အဟုတ်ပါဘူး ၊ ကိုယ့်နိုင်တဲ့ ပမာဏနဲ့ ကိုက်ညီတဲ့ ဈေးနှုန်တွေကိုရှာပြီး ဝယ်ကြတာတွေတော့ရှိပါတယ် ၊ ဈေးအမြင့်ပိုင်းတွေကတော့ အရောင်းအဝယ်မဖြစ်တာတော့ ဟုတ်ပါတယ် ၊ ဈေးအသင့်အတင့်တွေကတော့ အရောင်းအဝယ်ဖြစ်ကြပါတယ်’လို့ပြောပါတယ် ။

အများစုကတော့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေအရောင်းအဝယ်ကို နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အခါမှသာ ဈေးကွက်ပြန်ကောင်းလာမယ်လို့ သုံးသပ်ခန့်မှန်းထားကြပါတယ် ။ လက်ရှိမှာတော့ ဈေးကွက်ပြန်ကောင်းမယ့်အချိန်ကို အချိန်ယူစောင့်ကြည့်နေကြရတဲ့ အခြေအနေဖြစ်တယ်လို့ ပြောကြပါတယ် ။

ဝယ်သူတွေအတွက်ကတော့ စိတ်ကြိုက်ဈေးနဲ့ သေချာရွှေးဝယ်လို့ရနေသလို အောက်ဈေးတန်းနဲ့ ရနေတဲ့ အခြေအနေဖြစ်တယ်’ လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ် ။

Source: The Modern

Facebook comments